ရှန်သောယိသည် ရုတ်တရက် ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိ။ သူသည် ဇဝေဇဝါနှင့်သာ ချီးရှစ်အန်းကို စိုက်ကြည့်လျက် အနှီ 'အမေအရင်း' ဟူသော စာလုံးနှစ်လုံးကို အစာခြေဖျက်နေရသည်။ ပြီးမှသာ ချီးရှစ်အန်း၏ ဆိုလိုရင်းကို နားလည်တော့လေသည်။
"ကိုယ်က တကယ်တော့ မိဘတစ်ဖက်ပဲ ရှိတာပေါ့၊ မဟုတ်သေးဘူး၊ တစ်ဖက်တည်း ရှိတာလို့လည်း ပြောလို့မရဘူး"
ချီးရှစ်အန်းက ရှင်းပြသည်။
"ကိုယ့်အဖေနဲ့ လက်ရှိ အမေက ဒုတိယအိမ်ထောင်၊ ကိုယ်နဲ့ ရှောင်ချွမ်းက ဖအေတူ အမေကွဲညီအစ်ကို၊ ဒါပေမဲ့ ခံစားချက်ပိုင်းကတော့ အရင်းတွေနဲ့ ဘာမှမကွာပါဘူး။ မင်းလည်း မြင်ခဲ့တယ် မဟုတ်လား?"
ရှန်သောယိက ခေါင်းညိတ်သည်။
"အွန်း၊ အဲ့တာကြောင့်လည်း ငါအရမ်း အံ့သြနေတာပါ၊ လုံးဝ မထင်ရဘူးရော်"
ချီးရှစ်အန်းက အစည်းအဝေး အခန်းတံခါးကို တွန်းဖွင့်ပြီး -
"နောက်အားမှပဲ မင်းကို အသေးစိတ်ပြောပြမယ်လေ၊ အခု အလုပ်အရင်သွားလုပ်ကြမယ်"
သူတို့နှစ်ယောက်သည် အခန်းထဲတွင် အတန်ငယ်ကြာနေပြီ ဖြစ်သည်။ ရှန်သောယိဟာလည်း ဌာနမှူးအဆင့်မဟုတ်သဖြင့် အဆင့်မြင့်စီနီယာပါတနာနှင့် လူအများ၏ မျက်စိရှေ့၌ပင် တိုက်ရိုက်တင်ပြဆွေးနွေးစရာ topic လည်း မရှိချေ။ ထို့နှင့် ပြောလက်စကို အဆုံးသတ်လိုက်ပြီး အသီးသီး လမ်းခွဲကာ ကိုယ့်ရုံးခန်းကိုယ် ပြန်သွားလိုက်သည်။
ချီးရှစ်အန်းက အလွှာသုံးဆယ်သို့ တက်သွားပြီး အန်းနီ၏ နေရာကို ကျော်သွားစဉ် -
"ပိတ်ရက်ဘိုကင်တင်ထားတဲ့ စားသောက်ဆိုင်က ဘယ်နှနာရီလဲ ပြန်အတည်ပြုပေးပါဦး?"
"ဆယ့်တစ်နာရီခွဲပါ"
အန်းနီးက မတ်တတ်ထရပ်ကာ ဖြေသည်။
"ကိတ်မုန့်ကလည်း စားသောက်ဆိုင်ကပဲ တာဝန်ယူပြီး လက်ဆောင်ကတော့ သည်နေ့ညနေ ရုံးမဆင်းခင် ပို့လာမှာပါ"
"သိပါပြီ"
ချီးရှစ်အန်းက ရုံးခန်းထဲ ဝင်သွားကာ သူသည် အလုပ်စားပွဲဆီသို့ မသွားချေ။ သူသည် ဆိုဖာပေါ်၌သာ ထိုင်၍ ခဏမျှ စဉ်းစားပြီးသော် သူ့အမေအရင်းထံ ဖုန်းဆက်လိုက်သည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...