ရှန်သောယိကို ချီးရှစ်အန်းက ကျောပိုးခေါ်သွားပေးခြင်းပင်။ လွန်ခဲ့သော ဆယ်နှစ်က ထိုနေ့ညအတိုင်း။
ပင်လယ်ကမ်းစပ်တွင် လူ အလွန်များပြားသည်။ ညအမှောင်ယံ ပိတ်ကားချပ်က ချဉ်းကပ်လာသည့်တိုင် စည်စည်ကားကား ရှိနေဆဲပါပင်။ ချီးရှစ်အန်းသည် ရှန်သောယိကို ကျောပိုးလျက် လက်ထဲတွင်လည်း ယခင်က ချွတ်ထားသော အင်္ကျီဘောင်းဘီများကို ကိုင်ထားသေးသည်။ နောက်ကျောပြင်ထက်၌ နွေးငွေ့ငွေ့လေး ရစ်သီနေပြီး စိုရွှဲနေသော ရေငုပ်ဝတ်စုံက ခန္ဓာကိုယ်ကို ပူနွေးစေကာ လည်ဂုတ်ထက်တွင်တော့ ချွေးများကပ်ငြိနေလေသည်။ ဒါတွေ အားလုံးဟာတော့ ရှန်သောယိက သူ့ကို သိပ်တင်းတင်းကျပ်ကျပ် ဖက်တွယ်သွားခြင်းကြောင့်ပါပင်။
"ငါ ဆင်းလိုက်ပ့ါမယ်"
"အားမရှိတော့ဘူးဆို ပြောတော့?"
"အထဲမှာ လူတွေ အများကြီးပဲ၊ ငါလည်း မျက်နှာလိုချင်သေးတယ်"
"အဲ့တာဆို မျက်နှာကိုဖွက်ထားလိုက်"
တံခါးဝသို့ ရောက်သော် ဝန်ထမ်းက သူတို့အတွက် မှန်တံခါးကို ဖွင့်ပေး၏။ ချီးရှစ်အန်းသည် ရှန်သောယိကို ကျောပိုးလျက်သား ခန်းမထဲထိ ဝင်သွားပြီး နှစ်လှမ်းလောက်ပဲ ရှိဦးမည်၊ မန်နေဂျာက အပြေးအလွှား လာမေးတော့သည်။ တစ်ဖက်လူက ရှန်သောယိဟာ ရေငုပ်ရင်း တစ်စုံတစ်ခု ဖြစ်ပွားသွားသည်ဟု ထင်မှတ်နေသောကြောင့် ဆရာဝန်ကို ဆက်သွယ်ပေးရန် လို၊ မလို မေးမြန်းခြင်းပင် ဖြစ်တော့သည်။
လည်ဂုတ်အစပ်ရှိ အသက်ရှူငွေ့ဟာ ပိုမို ပြင်းထန်လာပြီး ရှန်သောယိသည် မျက်နှာကို ဖွက်ထားလိုက်သည်။ ချီးရှစ်အန်းက ယဉ်ကျေးစွာ ဖြေဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး၊ သူက ရေဖိအားနဲ့ အသားမကျဖြစ်သွားလို့၊ အခန်းပြန်ပြီး ခဏလောက် အနားယူလိုက်ရင် ကောင်းသွားလိမ့်မယ်၊ ခင်ဗျားတို့ ညစာကို အခန်းထဲပဲ ပို့ပေးလိုက်ပါ"
ရှန်သောယိသည် ဘယ်တုန်းကမျှ ဤသို့ ထင်းလင်းသိသာစွာ စည်းကျော်သော ကိစ္စမျိုးကို မလုပ်ဖူးပါ။ သူ၏ ပထမဆုံးအကြိမ် ရေငုပ်ခြင်း၊ ပထမဆုံးအကြိမ် ငှက်ကုလားအုတ်အယောင်ဆောင်ခြင်း၊ ပထမဆုံးအကြိမ် ဟိုတယ်ခန်းမကြီးထဲရှိ လူပေါင်းများစွာအလယ်တွင် ကျောပိုးခံထားရခြင်း။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...