「10」

520 77 2
                                    

အလွှာသုံးဆယ်ရှိ မှိုင်းမှောင်လေးပင်သော အခန်းတွင်း ပြင်ဆင်မှုများထက်စာလျှင်၊ ကျန်းယီမင်၏ ရုံးခန်းအလွှာသည် များစွာ ရိုးရှင်းနွေးထွေးကာ လန်းဆန်းသော အသွင်ကို ဆောင်ပေ၏။ သူသည် အတွင်းရေးမှူးကို ဆက်ဆံရာတွင်လည်း ပိုမိုပြေလျော့ပေးသူ ဖြစ်သည်။ ယုတ်စွအဆုံး သူများကို မျက်စိ ပသာဒရှိစေသော အရောင်တောက်တောက် များကိုပင် ဝတ်ဆင်စေတတ်သူ ဖြစ်သည်။

ရုံးခန်း၏ အဝတွင် ခရစ္စမတ်တုန်းက ပန်းခွေလေး ချိတ်ထားပြီး အလယ်က ထင်းရှူးသီး တစ်လုံးသည် လှုပ်ရမ်းနေ၏။ ကြည်ရတာ သိပ်တောင့်မခံနိုင်ဘဲ ပြုတ်ကျတော့မည်ထင်။ အခန်းတွင်း၌လည်း အလင်းရောင်က ထိန်လင်းစွာ။ အညိုရင့်ရောင် သားရေဆိုဖာ၏ ဘေးတွင် အညိုဖျော့ ကြိမ်ထိုင်ခုံအဝိုင်းကို ချထား၏။ လေးထောင့် သဏ္ဌာန်ရှိသော ခေါင်းအုံးငယ်လေးများသည် ဆိုဖာနှင့်ထိုင်ခုံ ပေါ်တို့တွင် ပြီးစလွယ် နေရာချထားခံရပြီး ကြည့်ရုံနှင့် လူကို တစ်ရေးမျှ ဝင်ခွေအိပ်စေချင်နိုင်လေသည်။

ကျန်းယီမင်သည် ရုံးခန်းစားပွဲတွင် ထိုင်ကာ လက်အောက်ဌာနများမှ အစီအရင်ခံစားများကို ဖတ်ရှုနေသည်။ စားပွဲပေါ်တွင် သေးငယ်သော လက်မှုပစ္စည်းများစွာ ရှိနေသေး၏။ စားပွဲပေါ်တင် မကချေ။ ပစ္စည်းနေရာချထား နိုင်သော နေရာမှန်သမျှ အလွတ်မထားဘဲ သူ အလုပ်နှင့် ခရီးသွားစဉ်က ဝယ်ယူခဲ့သော ပစ္စည်း တိုလီမုတ်စများစွာကို စီရီနေရာ ချထားလေသည်။ တချို့ကိုတော့ သူများကို လက်ဆောင်ပေးရန်ဖြစ်ပြီး အများစုကိုတော့ ရုံးခန်းထဲ၌သာ ပုံထားတတ်သည်။

အတွင်းရေးမှူးက နောက်တစ်ပတ်အတွက် အလုပ်အချိန်ဇယားကို လာရောက်ပေးပို့သော် ကျန်းယီမင်၏ မျက်လုံးများသည် ထိုဖိုင်ကနေ မလွှဲဘဲ ခေါင်းလည်း မမော့လာဘဲ မေးလိုက် သည်။

" ညနေကျရင်ရော ဘာအစီအစဉ်ရှိသေးလဲ? "

အတွင်းရေးမှူးက ဖြေသည်။

" ညဘက်ကျရင် SFC International Cooperation Department က လူကြီးမင်း လီနဲ့ ထမင်းစားဖို့ ချိန်းထားပါတယ် "

ကျန်းယီမင်က စိတ်ရှုပ်စွာဖြင့် -

" မစ္စတာချီးကို အကြောင်းကြားပြီး သူ့ကို သွားခိုင်းလိုက် "

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now