"သောယိ၊ မပြန်သေးဘူးလား?"
နားနေခန်းအပြင်ဘက်ကနေ ရုတ်ခြည်း ပျံ့လွင့်လာသော လူသံနှင့် ခြေသံတို့ကြောင့် ရှန်သောယိကလည်း ကပျာကယာ ရုန်းထွက်လိုက်ကာ လက်ထဲက အခွံနွှာပြီးသား သစ်တော်သီးကိုလည်း ချီးရှစ်အန်းလက်ထဲသို့ ထိုးထည့်လိုက်သည်။ သူသည် ခုနလေးက မိမိကိုယ်ကို အသိစိတ်လွတ်သွားပြီဟုပင် ထင်မိလေသည်။
အဖွဲ့ခေါင်းဆောင်ချီသည် တံခါးဝတွင် ထွက်ပေါ်လာပြီး အနည်းငယ် အံ့သြသွားဟန်နှင့် ပြောသည်။
"မစ္စတာချီးလည်း ရှိနေတာပဲ။ ကျွန်တော်က သည်နေ့ ခွင့်ယူထားလို့ အလုပ်နဲ့ပတ်သတ်တဲ့အချက်အလက်တွေ လာယူပြီး အမီပြန်လိုက်မလို့ပါ"
ချီးရှစ်အန်းက သူ့ကို အဖက်မလုပ်ပါချေ။ မျက်လွှာချ၍ လက်ထဲက တစ်ဝက်ကျော်သာ အခွံနွှာရသေးသည့် သစ်တော်သီးအား စိုက်ကြည့်နေသည်။
ရှန်သောယိ၏ ပါးပြင်များသည် အနည်းငယ် နီစွေးလျက် မျက်လုံးများကို ဘယ်နေရာကြည့်ရမလဲတောင် မသိတော့။ သူသည် လျင်မြန်စွာဖြင့် အပြင်ဘက်သို့ ထွက်လိုက်ပြီး အဖွဲ့ခေါင်းဆောင်ချီအား ပြောလိုက်သည်။
"ငါ သည်နေ့ အစည်းအဝေးမှာ စုစည်းထားတဲ့အချက်အလက်တွေ မင်းကို ပို့ပေးလိုက်မယ်လေ၊ ပြီးတော့ ဖိုင်တွေရောပဲ"
"အဲ့တာဆိုရင်တော့ အရမ်းကောင်းတာပေါ့ကွာ၊ များလား?"
နားနေခန်းသည် ဗလာကျင်းသွားပြီး ချီးရှစ်အန်းတစ်ယောက်သာ ကျန်နေခဲ့တော့၏။
သူသည် စင်ကို မှီ၍ နှစ်ကိုက်၊ သုံးကိုက်တည်းနှင့် သစ်တော်သီးကို ကိုက်စားလိုက်ပြီး လက်ဆေးပြီးသည့်တိုင် မူလနေရာ၌ ရပ်နေလေသည်။ အပြင်ဘက်က အသံများလည်း မကြားရတော့ပြီမို့ ရှန်သောယိနှင့် အဖွဲ့ခေါင်းဆောင်ချီက ရုံးခန်းထဲ ဝင်သွားလောက်ပြီပင်။
သူသည် အတိအကျပင် လူပိုတစ်ယောက် ဖြစ်သွားပြီး အခြေအနေကလည်း ရှန်သောယိမှ သူ့ထံ တုံ့ပြန်မှုပေးရန် အခွင့်အရေး မပေးချေ။ သူသည် အဖြေမသိရတော့သော ရလဒ်ကြီးကို ကိုင်လျက် နှမြောတသ ဖြစ်ရမည်လော၊ ဝမ်းမြောက်ရမည်လောပင် မသိတော့။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ပြန်သွားပြီး trade ကို စောင့်ကြည့်တာပဲ ကောင်းလိမ့်မည်။ သို့နှင့် တစ်ဦးတည်းသာ နှုတ်ဆက်မနေတော့ဘဲ ပြန်သွားလိုက်တော့သည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...