မင်္ဂလာပွဲသည် နေ့ရက်အတိအကျ သတ်မှတ်ပြီးသွားချေ၏။ အဖွဲ့ခေါင်းဆောင်ချီကလည်း ခွင့်တိုင်သွားကာ ဘဝ၏အရေးကြီးဆုံးကိစ္စရပ်ပေါ်တွင်သာ အာရုံစိုက်၍ နောက်ဆုံးသော ပြင်ဆင်မှုများကို လုပ်ဆောင်နေတော့သည်။ ဌာနထဲက ရှိသမျှ လုပ်ဖော်ကိုင်ဖက်များဟာလည်း ဖိတ်စာများ လက်ခံရကာ နေ့စဉ်နေ့တိုင်း မျှော်လင့်စောင့်စားနေကြတော့ပြီး အလုပ်မအားလပ်သည့်ကြားက အခွင့်အရေးရှာ၍ အနားယူဖြေလျှော့ချင်နေကြလေသည်။
"မစ္စတာချန်၊ ဘာပြဿနာမှ မရှိရင် ကျွန်တော် ဥပဒေဌာနကို စာချုပ်ပြင်ခိုင်းလိုက်တော့မယ်နော်။ လူကြီးမင်းဘက်က ရှေ့နေကိုလည်း မေးမြန်းလို့ရပြီး ပါဝင်စစ်ဆေးခိုင်းလို့ရပါတယ်"
ရှန်သောယိနှင့် ဧည့်သည်က တစ်မနက်ခင်းလုံး ဆွေးနွေးနေခဲ့ရပြီး ရုံးဆင်းခါနီးလေးမှသာ အဆင်ပြေသွားတော့ခြင်းပင်။
သူသည် ဧည့်သည်အား တံခါးဝသို့ လိုက်ပို့ပြီးနောက် နောက်ဆုံးလက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်သည်။
"မစ္စတာချန်၊ ပြဿနာတစ်ခုခုရှိရင် ကျွန်တော့်ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်"
မစ္စတာချန် - "ကျေးဇူးပါဗျာ၊ ကျွန်တော်တို့ ကုမ္ပဏီက သည်အပတ်ပိတ်ရက် ဟာမန်တင်းမှာ လုပ်ငန်းခွဲအသစ်ဖွင့်ဖို့ ရှိတယ်၊ အဲ့ချိန်ကျ လာပြီးလည်ပတ်ပါဦး၊ သူငယ်ချင်းဖြစ်ဖြစ် အိမ်သူအိမ်သားဖြစ်ဖြစ် အကုန်ခေါ်လို့ရပါတယ်၊ တစ်ခါတည်း မင်းကို Platinum Card ဖွင့်ပေးထားလိုက်မယ်"
ရှန်သောယိသည် ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်၏။
"ပိတ်ရက်မှာ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် ချီရဲ့ မင်္ဂလာပွဲရှိနေလို့ ကျွန်တော်တို့အားလုံး ဆင်နွှဲဖြစ်မှာဗျာ၊ လူကြီးမင်း ခုနက ပြောတော့ ကျွန်တော့်စိတ်တောင် ယိုင်သွားပြီ။ ဒါပေမဲ့ ကျွန်တော်က သတို့သားအရံ ဖြစ်နေတော့ မသွားရင် အဖွဲ့ခေါင်းဆောင်ချီက ကျွန်တော်နဲ့သေခန်းပြတ်သွားလိမ့်မယ်ဗျ"
မစ္စတာချန်က ရယ်လျက် -
"ကိစ္စမရှိဘူး၊ နောက်မှသွားလည်း အတူတူပါပဲ။ ကျွန်တော့်ကိုယ်စား အဖွဲ့ခေါင်းဆောင်ချီကို 'ပျော်ရွှင်ချမ်းမြေ့ပါစေ' လို့ ဆုတောင်းပေးပါဦး"
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...