ပြန်လာသော ခရီးစဉ်သည် အလွန်ပင် အချိန်တိကျ၏။ ဆစ်ဒနီ၌ "goodbye" ခဲ့ပြီးနောက် လေယာဉ်ပျံဟာ တိမ်ခိုးများကြားသို့ တိုးဝင်သွားတော့သည်။ ပျံသန်းနေစဉ် ခရီးအတွင်း ယခင်ဖတ်လက်စ စာအုပ်ကိုလည်း ဖတ်ရှူပြီးစီးသွားသောကြောင့် ချီးရှစ်အန်းဟာ ဘာအလုပ်မျှ မရှိသည့်နှယ် ခံစားလာရသည်။
သို့ရာ ဘေးရှိ လူကို ခိုးကြည့်လိုက်သော် တစ်ဖက်လူကတော့ စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေပုံပါပင်။
"အဖွဲ့ခေါင်းဆောင်ရှန်၊ ဘာတွေများပျော်နေတာလဲ?"
ချီးရှစ်အန်း၏ လေသံထဲတွင် ကလူမြှူသံများ ပါဝင်နေ၏။
"ဘာလဲ.. အပြန်ခရီးကျတော့ လက်တွဲဖော်ရှိနေပြီမို့ အလာတုန်းကထက် ပျော်နေတာလား?"
ရှန်သောယိက လန့်ဖျပ်သွားပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ကာ ဌာနမှူးချင်နှင့် ရှောင်ဝမ်တို့ မကြားသွားတာ သေချာမှ သက်ပြင်းချလိုက်သည်။ သူက တမင်တကာ အံကြိတ်ပြလျက် သတိပေးဟန် ပြုလိုက်သည်။ သို့ရာ နှုတ်ခမ်းစွန်းများကတော့ ကော့ညွတ်ပျံတက်နေဆဲ။
"ငါ့ဖိုးဖိုးကို သွားကြိုပြီး အိမ်ပြန်ရတော့မှာမို့လေ။ တစ်ပတ်တောင် သူ့ကို မတွေ့ရတာ အရမ်းသတိရတာပဲ"
ချီးရှစ်အန်းက ပြုံးကာ မေးသည်။
"မင်းရဲ့ဖိုးဖိုးက မင်းကို အရမ်းချစ်မှာပဲ?"
"သေချာတာပေါ့။ ငါက သူ့ရဲ့ အသည်းတုံး မြေးလေးလေ"
ရှန်သောယိသည် လေကြောင်းလိုင်းကုမ္ပဏီက ကြော်ငြာစာရွက်ကို ထုတ်ကြည့်ရင်း ဆိုသည်။
"ဒါပေမဲ့ သူက အမြဲတမ်း ငါနဲ့ကန့်လန့်တိုက်ရတာ ကြိုက်တယ်၊ ငါမှာထားတာဆို ဘယ်ဟာမဆို နားထောင်သဘောတူတယ်၊ ငါရုံးသွားပြီဆိုရင်ကျ ပုန်ကန်တယ်၊ ငါ မသိဘူးထင်နေသေးတာ ပြီးရင်"
သူက ပြောပြီးလျှင် မေးလိုက်သည်။
"မင်းရဲ့အဘိုးကရော အဲ့လိုပဲလား?"
ချီးရှစ်အန်းက နှုတ်ခမ်းမဲ့ကာ -
"ကိုယ့် အဘိုးက ဘယ်တော့မှ မှာကြားနေစရာကို မလိုဘူး၊ အကုန်လုံးကို သူကပဲ အော်ဟစ်ညွှန်ကြားနေတာလေ။ တစ်အိမ်လုံးမှာ ကိုယ့်အဖေကိုကလွဲရင် ဗြစ်တောက်ဗြစ်တောက်နဲ့ အပြောခံရတာချည်းပဲ၊ ဘာလို့လဲဆိုတော့ အဘိုးပြောတာက ကိုယ့်အဖေက ပါမောက္ခဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ စစ်တပ်အင်ဂျင်နီယာ ဒီဇိုင်းဌာနအတွက် ပေးဆပ်ထားတဲ့ နည်းပညာပိုင်းဆိုင်ရာ ပါရမီရှင်မို့တဲ့ ၊ မိုးပေါ်မြှောက်တင်ထားမှရမယ်တဲ့လေ၊ အထိအခိုက် ရှိလို့မဖြစ်ဘူးတဲ့"
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...