နေရောင်က အပူဆုံးအချိန် ဖြစ်ပြီး လူတွေ အငိုက်မြည်းဆုံးအချိန် ဖြစ်သည့် နေ့လယ်နှောင်းပိုင်း ဖြစ်ချေသည်။ ဟူထုန်လမ်းကြားတစ်ခုလုံးတွင် လူအရိပ်အယောင်ပင် မမြင်ရ။ ချီးရှစ်အန်းသည် လက်ကျန်ရေဘူးကို ဖွင့်ကာ ကျန်နေသည့်ရေတစ်ဝက်ကိုပါ ကုန်စင်အောင် မော့သောက်ချလိုက်သည်။ ထို့နောက် မေးကို ဆတ်ကနဲ မော့၍ -
"တခြားဘာကိစ္စမှ မရှိပါဘူး၊ သည်အတိုင်းပဲ ရုတ်တရက် မင်းကို အရမ်းတွေ့ချင်လာလို့လေ။ အခု တွေ့ရပြီဆိုတော့ တခြားမရှိတော့ဘူး၊ ပြန်သွားတော့လေ"
ရှန်သောယိက ပြုံးတုံ့တုံ့နှင့် မေးလိုက်သည်။
"အဲ့တာဆို ငါ ပြန်ပြီနော်?"
"အွန်း၊ သဘက်ခါ လေယာဉ်ကွင်းမှာ တွေ့မယ်"
ချီးရှစ်အန်းက နောက်သို့ ခြေလှမ်းဝက်မျှ ဆုတ်လိုက်သည်။ သူသည် ရှန်သောယိ ခြံဝန်းထဲ ဝင်သွားသည်အထိ ကြည့်ပြီးမှသာ ထွက်သွားချင်မိသည်။ ရှန်သောယိက လှည့်ထွက်ကာ သုံးလေးငါးလှမ်းမျှ သွားချင်ယောင်ဆောင်လိုက်ပြီးနောက် ရုတ်ခြည်း ရပ်တန့်သွားသည်။ ပြီးလျှင် ချက်ချင်း ခေါင်းလှည့်ကာ ပြန်ပြေးလာ၏။
သူသည် ချီးရှစ်အန်း ရှေ့ထိ တဟုန်ထိုး ပြေးလာပြီး ချီးရှစ်အန်းကို ဝင်တိုက်ဖို့ နည်းနည်းပဲ လိုတော့သည်အထိပင်။
ချီးရှစ်အန်းသည် အလိုအလျောက် အသိစိတ်ဖြင့် လက်နှစ်ဖက်ကို ဆန့်ကားပြီး ဆီးကြိုကာ အကြင်သူ၏ ပခုံးနှစ်ဖက်ကို ကိုင်ထိန်းပေးလိုက်သည်။
"ဘာလုပ်တာလဲကွာ၊ ကိုယ့်ကို အလစ်တိုက်ချင်တာလား?"
ရှန်သောယိသည် နေရောင်ပြင်းလွန်း၍ မျက်လုံးတောင် မဖွင့်နိုင်တော့ချေ။ သူက ယုံကြည်ချက် ခိုင်ခိုင်မာမာနှင့် ပြောလာသည်။
"မင်း ဟန်ဆောင်မနေနဲ့တော့၊ မင်း ငါ့ကို လုံးဝ ပြန်မသွားစေချင်ဘဲနဲ့.. လာပြီး ပြေးတမ်းလိုက်တမ်း လုပ်နေတယ်၊ ငါ့ကို မမြင်ဘူးများ ထင်နေလား?"
"မင်းပဲ ရွှေမျက်စိစူးရှပါပေတယ် ဟုတ်ပြီလား?"
ချီးရှစ်အန်းက စွပ်စွဲခံရသည့်နှယ်။ သူသည် ရှန်သောယိက သူငယ်ချင်းအိမ်တွင် ဧည့်သည့်လာလုပ်နေကြောင်း သိထားပါသည်။ ထို့ကြောင့်လည်း ရုတ်တရက် ခေါင်းပူထွက်သွားချိန်တွင် လာတွေ့ချင်ရုံသာ ဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ ယုံကြည်ချက်ရှိရှိ ပြောနေပုံလေးကို ကြည့်ကာ သူလည်း မငြင်းချင်တော့ပြီ။ ဖီလာအားဖြင့် ခေါင်းငုံ့ကာ မေးလိုက်သည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...