အပိုင်း (၃၁၆)
ထိုအချိန်က သူမရင်ထဲ မကြုံစဖူး တုန်လှုပ်ထိတ်လန့်သွားခဲ့ရသည်။ သူမ စိတ်လိုက်မာန်ပါ လုပ်လိုက်မိရုံတင်ပါ၊ သူမ အစ်မကို တကယ် မသေစေချင်ခဲ့။ အစ်မက သူမကို ရဲစခန်းမပို့အောင် နည်းနည်းခြောက်လှန့်လိုက်ချင်ရုံတင်ပါ။ ဒီလို ပူဆွေးစရာကိစ္စမျိုး ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။
ညီမဖြစ်သူက ဒရိုက်ဘာကိုပြောသည်၊ အကယ်၍ ရဲမတိုင်စေချင်လျှင် အစ်မ၏ အလောင်းကို ယူသွားကာ လက်စဖျောက်လိုက် ဟူ၍။ ဒရိုက်ဘာလည်း ဥပဒေအရ အပြစ်ပေးခံရမည်စိုးသဖြင့် အော်မုန့်ရွှယ်(အစ်မ)၏ 'အလောင်း'ကို ကားပေါ်တင်သွားလေသည်။
ညီမလေးကတော့ အစ်မ သေသွားပြီဟု ထင်ခဲ့သည်။
ထိုအချိန်ကစပြီး သူမ 'အော်မုန့်ရွှယ်'ဟူသောနာမည်အောက်တွင် အသက်ရှင်နေထိုင်ခဲ့သည်၊ သူမ အကျင့်စရိုက်ကလည်း ပိုတည်ငြိမ်၍ ပိုရက်စက်တတ်သည့်ပုံစံသို့ ပြောင်းလာခဲ့၏။
သို့ပေသိ ညီမဖြစ်သူ မသိခဲ့သည်မှာတော့၊ အစ်မမှာ ကံကြီးခဲ့သည်၊ ထိုဒရိုက်ဘာက ကားပေါ်မှ မချခင် အပိုထပ်ဆောင်းအနေဖြင့် သူမ နှာခေါင်းနား လက်ထားကာ အသက်ရှူစမ်းလိုက်သောအခါ မသေသေးသည်ကို သိလိုက်ရ၍ သူမကို ချက်ချင်း ဆေးရုံပို့ပေးခဲ့သည်၊ သို့သော် အော်မုန့်ရွှယ်မှာ မျက်နှာရော အသံကြိုးများပါ ပျက်စီးသွားခဲ့လေပြီ။
....................ကျန်းရှုက အနည်းငယ် ဝမ်းနည်းစွာဖြင့် ထွက်လာခဲ့သည်၊ သူမ ညီမလေး၏ မနာလိုစိတ်ကြောင့် ဒီလိုအဖြစ်ဆိုးမျိုးဖြစ်ခဲ့ရကြောင်း သူမ မမျှော်လင့်ထားမိပေ။
ရုံးခန်းထဲရှိနေဆဲဖြစ်သော အော်မုန့်ရွှယ်က အောက်ကိုငုံ့ကြည့်လိုက်သည်၊ သေသူကသာ ပါးစပ်မဟနိုင်မည်ဖြစ်သည်။
ကျန်းရှုက ပတ်ဝန်ကျင်ရှိ ယာဉ်များကို သတိမထားမိ။ ရုတ်တရက် ဗန်ကားအနက်တစ်စီးက သူမဆီ ထိုးဝင်လာပြီး ခပ်ပြင်းပြင်းအားတစ်ခုက သူမကို နောက်သို့ဆွဲလိုက်၏။
"အဆင်ပြေရဲ့လား။"
အပေါ်ထပ်ရှိ ထိုမြင်ကွင်းကိုကြည့်နေသော အော်မုန့်ရွှယ်မှာ ပြတင်းမှန်ကို ထုလိုက်မိသည်၊ သေစမ်း၊ ဘယ်ကလူ ရောက်လာတာလဲ။
