အပိုင်း (၃၀၃)
လင်ရှီးပြောသည်ကိုကြားသောအခါ ရှန်ပင်းချန့် စတင်တုန်လှုပ်လာသည်။
"နင်ပြောတာ... တကယ်လား။"
လင်ရှီးက ရှန်ပင်းချန့်အား အော်မုန့်ရွှယ်နှင့်ချီကျားယန်တို့၏ ဆက်ဆံရေးကို ဖျက်ဆီးစေချင်ခြင်းဖြစ်၏။ အော်မုန့်ရွှယ်အား 'အငယ်အနှောင်း'ထံမှ မိမိယောင်္ကျား လုယူခံလိုက်ရသည့်ခံစားချက်မျိုးကို မြည်းစမ်းကြည့်စေချင်သည်။ ယခင်ဘဝက မိမိကဲ့သို့ ပင်ပင်ပန်းပန်းဖြင့် အသက်ရှင်သွားစေချင်သည်။
ဒါ သူမတို့နှစ်ယောက်အတွက် ပြစ်ဒဏ်ပဲမဟုတ်လား။
မလုံလောက်သေးရုံသာ..။
"ငါပြောပါတယ် ဒါတွေက ကောလဟာလတွေပဲလို့၊ အမှားလား အမှန်လားဆိုတာတော့ နင့်ဘာသာ သွားစမ်းကြည့်ပြီးရင် သိရမှာပေါ့။"
ရှန်ပင်းချန့်မှာ သူမ၏စိတ်ကူးယဉ်များကြား နစ်မျောနေပြီဖြစ်သည်၊ လင်ရှီးအား ဒီကမ္ဘာမှ ထွက်သွားစေချင်သည့်အတွေးကို လက်လွှတ်လိုက်ပြီးဖြစ်၏။
အကယ်၍ ဒီကောလဟာလသာ အမှန်ဆိုလျှင် ယခုအချိန်တွင် မိမိက ချီကတော်ဖြစ်နေလောက်ပြီ၊ လင်ရှီးနဲ့အော်မုန့်ရွှယ်တို့ ဘယ်မှာ နေရာရလိမ့်မလဲ။
အရင်က သူမ 'စတားအင်တာတိန်းမန့်' တွင်ရှိစဉ်က ကျားယန်ကော သူမကို တစ်ချိန်လုံးဂရုစိုက်ပေးနေသည်မှာ မဆန်းတော့ပေ၊ သူ သူမကို သဘောကျနေတာ အမှန်ပဲဖြစ်နေမလား။
ယောင်္ကျားလေးတပ်သားသစ်များ အဆောင်တွင်။
လီမင်မှာ အိပ်ရာပေါ်လှဲလျက် ရွှီယိကျစ်နှင့်ယွီကျားယင်တို့က ဘေးတစ်ဖက်စီတွင် ထိုင်နေကြသည်။
"မင်းဘာဖြစ်တာလဲ။"
ယွီကျားယင်က သူ စိတ်ကူးယဉ်နေသည်ဟု ထင်လိုက်၏။
လီမင်က သူ့အပြုံးကို အမြန်ပြန်သိမ်းကာ အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။
"ကျားယင်ကော၊ ကျွန်တော်မေးမယ်နော်၊ ကော ရှီးကျဲကို သဘောကျလား။"
ထိုစကားထွက်လာသည်နှင့် ရွှီယိကျစ်၏အကြည့်များက ချက်ချင်း ယွီကျားယင်အပေါ်ကျရောက်သွားသည်။
![](https://img.wattpad.com/cover/375735022-288-k802394.jpg)