"မေရှား..ရောက်နေတာကြာပြီလား.. "
" ခုနကမှ ရောက်တာပါ.."
"ခန့်သီဟတို့ကလည်း စောတယ်နော် မင်းတို့နှစ်ယောက် အတူတူလာတာလား "
ရန်နောင်က စနောက်လိုက်သည်။ တကယ်ဆို သူတို့လေးဦးက ငယ်သူငယ်ချင်းများဖြစ်ကြသည်။ အထက်တန်းကျောင်းထိ အတူတက်ခဲ့ကြသော်လည်း တက္ကသိုက်ရောက်တော့ မေဂျာတေကွဲ အချိန်တေကွဲနဲ့ ကွဲသွားကြတာဖြစ်သည်။
"မင်းတို့က အမြဲနောက်ကျနေတာပဲ "
" ဒီမှာ ဘောစိကို ပင့်ဖိတ်နေရတာ ရုပ်ရှင်မကြည့်ချင်ပါဘူး တကဲကဲလုပ်နေလို့ ဂုတ်ကနေမနည်း ဆွဲမလာရတယ်"
ရန်နောင်၏ စကားကြောင့် ခန့်သီဟရော မေရှားထက်ပါရယ်လိုက်ကြသည်။
"ဂုတ်ဆွဲရအောင် မင်းက သူ့ဂုတ်ကိုမှီလို့လား.. "
ခန့်သီဟ၏ ခနဲ့သံ။
ရန်နောင်က စက်နေရိုင်းနှင့် ခန့်သီဟထက် အရပ်ပိုပုသည်။ မိန်းကလေးများနှင့်ဆိုလျှင် ရှည်သော်လည်း စက်နေရိုင်းနှင့် ခန့်သီဟတို့ထက် သုံးလက်မခန့်ပုသည်။
"ခြေထောက်ကို ကန်ပြီး ဒူးထောက်အောင်လုပ်ပြီးမှ ဆွဲခေါ်လာတာလေ "
"အားကရှိလို့လား ဟိုက ဗလကြီးကို "
"တော်ပြီတော်ပြီ..ရုပ်ရှင်ကြည့်ပါမယ်ဆို.. "
"စက်နေဘာကြည့်မှာလဲ "
" ကြည့်ချင်တာကြည့်"
" သရဲကားကြည့်မယ်"
ရန်နောင်က ဆုံးဖြတ်ပြီး ရုပ်ရှင်လက်မှတ်ဖြတ်လိုက်သည်။ စက်နေရိုင်းကတော့ စိတ်မပါလက်မပါပင်။ ဒီအရွယ်ရောက်မှ ရုပ်ရှင်ကြည့်ရတာ ရယ်စရာဟု မြင်မိသည်။
သူတို့လေးဦး လက်မှတ်ဖြတ်ပြီးသွားသည်နှင့် နောက်ထပ်ရောက်လာသော လူငယ်နှစ်ဦး။
"ဟို အရှေ့က လူလေးယောက်ဖြတ်သွားတဲ့အတန်းရဲ့ အနောက်တည့်တည့် ရလား "
ကောင်တာမှ အမက ရကြောင်းပြောသဖြင့် လက်မှတ်ဖြတ်လိုက်သည်။ မိုးသွင်ကတော့ ပတ်၀န်းကျင်ကို လှည့်ကြည့်နေသည်။
" ဇာတ်ကားက တစ်နာရီထိုးမှဆိုတော့ လှည့်သွားကြမယ် ဒီ Mallကို ရောက်ဖူးလား"
မိုးသွင်က ခေါင်းခါလိုက်သည်။
" ဘာစားချင်လဲ"
✋လျှောက်ကြည့်မယ်လေ
"အင်း.. "
မိုးယံက မိုးသွင်ကို အစားအသောက်များရှိသည့်အလွှာသို့ လာခဲ့သည်။ တကယ်ကတော့ အရှေ့က ကိုရန်နောင်ရှိသည့်နောက်ကို လိုက်နေခြင်းသာ။
"Hotpot စားမယ်"
✋အင်း
မိုးယံက မိုးသွင်ကိုခေါ်ပြီး Hotpotစားသည့်နေရာသို့၀င်လိုက်သည်။ စားပွဲဝိုင်းက ကွက်တိရှိနေလို့ တော်ပါသေးရဲ့။
"ဘာအရသာစားမလဲ "
✋ကြိုက်တာစား
" တုံယမ်းပဲမှာလိုက်မယ်.."
ပါးစပ်ကသာ မိုးသွင်ကို ပြောနေေသာ်လည်း မျက်လုံးတို့က တစ်ဘက်က လေးယောက်ဝိုင်းသို့ရောက်နေသဖြင့် မိုးသွင်လိုက်ကြည့်လိုက်သည်။
အာ ဟိုလူရောပါတာပဲ..။ ဟိုတနေ့ညက ပွဲဈေးအတူသွားပါမယ်ဆိုတော့ မလာဘူး။ သူ့ကြောင့် လူလိုက်ခံရတာ။
ဒါနဲ့ မိုးယံကြိုက်နေတဲ့ အထက်လူကြီးဆိုတာ ဟိုလူလား။ မိုးယံက မီနူးစာရွက်ကို မိုးသွင်ဆီလွှဲပေးပြီး စိုက်ပင်ကြည့်နေသည်မို့ မိုးသွင်က မိုးယံလက်ကိုပုတ်လိုက်ပြီး မေးလိုက်သည်။
✋ဘယ်သူလဲ
"ငါသဘောကျနေတဲ့သူ "
✋ဘယ်သူကိုလဲ
"ဟို မိုးပြာရောင်တီရှပ်နဲ့လူ "
မိုးသွင်ပါ ထိုဝိုင်းကိုလှမ်းကြည့်လိုက်တော့ သူတို့လေးဦးကပါ သူတို့ဘက်ကြည့်နေကြသည်။ မိုးယံ၏အပြာရောင်တီရှပ်နဲ့လူက စက်နေကို ဘာပြောလိုက်လည်းမသိပေ စက်နေမျက်ခုံးများက စုကြုံ့သွားသည်။ မိုးသွင်ကလည်း မင်တည်တည်နဲ့သာကြည့်နေလိုက်သည်။ ဘာလို့သူ့ကိုကြောက်ရမှာလဲ။ အရင်တစ်ခါက clubမှာမို့ကြောက်တာ။ ပြီးတော့ အခုလည်း အတူတူနေရမှာမှ မဟုတ်တော့တာ မကြောက်ဘူး။
✋ဟိုဘက်က လူကိုရော သိလား မီးခိုးရောင်နဲ့လူ
"အဲ့ဒါ သူဌေးဟ မကြည့်တော့နဲ့ "
✋အဲ့ဒါငါ့အခန်းဖော်
"လျှောက်ပြောမနေနဲ့ "
✋တကယ်ပါဆို
"နင်ကြွေတာ အဲ့လူကြီးကိုပေါ့ "
✋ဒီတိုင်းသဘောကျတာပါဆို
" ပြီးတာပဲ သူတို့ဝိုင်းထဲမှာပါတဲ့ တစ်ဦးတည်းသော မိန်းကလေးကို တွေ့လား"
မိုးသွင်က တစ်ဖက်ဝိုင်းမှ မိန်းကလေးကို လှမ်းကြည့်လိုက်သည်။ တော်တော်တော့ချောသည်။
"အဲ့ဒါ သူဌေးနဲ့ လက်ထပ်မယ့်သူ ကောလဟာလတေအရတော့ စီးပွားရေးအရလို့ပြောကြပေမယ့် သူတို့က ငယ်သူငယ်ချင်းတေဆိုတော့ သံယောဇဉ်ရှိတာကြောင့်လည်းထင်တယ် လိုက်ဖက်တယ်မလား "
✋လိုက်တာက လိုက်ပေမယ့်
"ဘာဖြစ်လို့လဲ "
✋ဘာမှမဟုတ်တော့ဘူး
"ဒါဆိုလည်း စားဖို့ပဲလုပ်ကြရအောင် မစားတဲ့အသားရှိလား "
မိုးသွင်ခေါင်းခါပြလိုက်သည်။ များသောအားဖြင့်က ၀က်သားလွှာက များသည်။
"အမြဲတော့ ၀ယ်မကျွေးနိုင်ဘူးနော် ဒီတစ်ခါပဲ "
✋ဈေးကြီးလို့လား
" ငါ့လစာထဲက ၀ယ်ကျွေးရတာလေ"
✋ဆရာက ပေးလိုက်တယ်မလား
" မယူခဲ့ပါဘူး မိဘလုပ်စာ လက်ဖြန့်တောင်းတဲ့သူမဟုတ်တော့ဘူး"
✋ကြီးကျယ်လိုက်တာ
" ဘာပြောတာလဲ"
မိုးသွင်က ခေါင်းခါပြလိုက်သည်။ မိုးယံကတော့ မိုးသွင်စားဖို့ပါ ကူလုပ်ပေးနေသည်။ တစ်ဖက်ဝိုင်းကိုတော့ လှမ်းမကြည့်တော့ပေ။ ဟိုဘက်က လူတေက ဒီဘက်ကို ကြည့်နေကြသည်မို့ပင်။
.
.
" ဟိုဘက်က မိုးယံကိုသိတယ်မလား ရုံးကကောင်လေး..သူ့ဘေးနားက ကောင်မလေးက ချစ်စရာလေး ကြည့်ဦး တီရှပ်အပွနဲ့ ဘောင်းဘီအပွနဲ့ ရိုးရိုးလေး၀တ်ထားတာတောင် တော်တော်မိုက်တယ်နော်.."
အလှပကြိုက်သည့် ရန်နောင်၏ မှတ်ချက်ကြောင့် စက်နေရိုင်းမှာ ဒေါသအလိုလိုထွက်လာသည်။
"စားစရာရှိတာစား "
သွားကြားထဲမှထွက်သော လေသံဖြင့်ပြောလာသော စက်နေကို ရန်နောင်က ကြည့်လိုက်ပြီး
"ရုပ်ကိုက အီးမှန်တဲ့ရုပ်နဲ့ ငါ့ကိုဘယ်လိုလေသံနဲ့လာပြောနေတာလဲ ငါ့မှာ ဒီအတောအတွင်း အန်တီ့ကိုလိမ်ပေးထားရတာ လွယ်တယ်များမှတ်နေလား အခုမှ ငါးပါးသီလပြန်တည်နိုင်တာ အဲ့တော့ ငါ့သီလကို ပျက်ပျားစေတဲ့အတွက် ဒီဝိုင်းမင်းရှင်းရမယ် "
ရန်နောင့်စကားကို ခန့်သီဟကပြုံးလိုက်ပြီး စက်နေရိုင်းကို အကဲခတ်ကြည့်နေသည်။ ဒီကောင်ကြီးတကယ်ပဲ ကောင်လေးမှန်းသိတာတောင် ကြိုက်နေတာလား။
"မေရှား နင်တကယ် ဒီကောင့်ကို ယူမလို့လား "
ရန်နောင်က မေရှားကို ဦးတည်ပြီး မေးလိုက်သည်။ သို့သော် ဖြေလာသည်က ခန့်သီဟ။
"သတို့သမီးဖြစ်ဖြစ် သတို့သားဖြစ်ဖြစ် အပြောင်းလဲလေးတေတော့ရှိဦးမှာပါ "
" ဘာလို့လဲ"
ခန့်သီဟစကားကို ရန်နောင်က မေးခွန်းထပ်ထုတ်သည်။
"တနေ့သိလာမှာပေါ့ အရာရာကြိုသိနေရရင် ပျော်စရာ ဘယ်ကောင်းမလဲ "
" မင်းတို့ ငါ့ကိုမပြောဘဲ ချန်လှပ်ထားတာတေရှိတယ်မလား ဘာလဲ မင်းတို့က ငါ့ကို သူငယ်ချင်းလို့ မသတ်မှတ်တော့တာလား.."
" တိတ်တိတ်နေစမ်းပါ စားစရာရှိတာစား.."
စက်နေရိုင်းက တစ်ဖက်ဝိုင်းမှ ကောင်လေးခွံ့ကျွေးနေတာကို စားနေသော မိုးသွင်ကို ကြည့်ကာ စိတ်တိုလာသဖြင့် စကားများနေသော ရန်နောင့်ပါးစပ်ထဲသို့ အသားလုံးကို ထည့်ပေးလိုက်သည်။
အွတ်..အု..အို့..
ရန်နောင့်မှာတော့ အသားလုံးအပူကြီးကြောင့် အသံမျိုးစုံထွက်ကာ ရှေ့ရှိပန်းကန်ထဲကို ထွေးချလိုက်ရသည်။ သူ့ကိုကြည့်ပြီး ခန့်သီဟနှင့် မေရှားက တဟားဟားရယ်သည်။ ရန်နောင့်မှာ လျှာကျက်သွားသဖြင့် စက်နေရိုင်း၏ ဂုတ်ပိုးကို ထုချလိုက်သည်။
"စိတ်ကြည်နေတာမဟုတ်ဘူးနော်..ရန်နောင် "
"ငါလည်းကြည်နေတာမဟုတ်ဘူး "
" စားမှာသာ စားကြပါ တကတည်း ကိုက်မယ်ဆိုတာချည်းပဲ"
"မေရှား ကိုက်တာဆိုတော့ ငါတို့က ဘာတေဖြစ်သွားပြီလဲ "
တစ်ယောက်တစ်ပေါက်နှင့် သူတို့ဝိုင်းလေးမှာ စည်ကားလျက်။ ဒီလိုအချိန်လေးတေက သူတို့လေးယောက်အတွက် တကယ့်ကို အဖိုးတန်အချိန်လေးတေပဲ။
မိုးသွင်တို့ထသွားသည်နှင့် စက်နေရိုင်း ထိုနောက်မှလိုက်လာခဲ့သည်။ မိုးယံဆိုတဲ့ကောင်လေးနဲ့ မိုးသွင်က ဘာတေလဲ။ နှစ်ဦးသား အ၀တ်အစားများလိုက်ကြည့်နေကြကာ မိုးယံက မိုးသွင်ကို အ၀တ်အစားရွေးပေးနေသည်။ မိုးယံက စကားဖြင့်ပြောနေပြီး မိုးသွင်ကတော့ ခြေဟန်လက်ဟန်နှင့်ပြောနေသည်။ မိုးသွင် ဘာတေပြောနေသလဲတော့ သူနားမလည်ပါပေ။ ယောကျားလေးမဟုတ်ဘူးဆိုတာကို ကွယ်ဝှက်ထားဖို့ အဲ့လောက်လိုလို့လား။
"ပန်းရောင်လေးနဲ့ လိုက်တယ် "
မိုးသွင်က အင်္ကျီတစ်ထည်ကို မိုးသွင်နှင့်ယှဉ်ကြည့်ကာ ပြောသည်။
✋အညိုရောင်လေးပိုကြိုက်တာ
"ဂျီးမများနဲ့ ၀ယ်ပေးတာယူ ဒီတစ်ခါ လစာတစ်၀က်လောက်က မင်းအတွက်သုံးပေးထားတာနော် "
✋ငါလည်း ပြန်လုပ်ပေးမှာပါနော် မေကြီးဆီက မုန့်ဖိုးရရင် ပြန်ပေးမယ်
" အဲ့ဒါလည်း ငါ့ပိုက်ဆံတေပဲလေ တော်တော် တတ်နေလား"
✋ငါလည်း မေကြီးရဲ့ မွေးစားသမီးလေ မေကြီးပြောထားတာ နင့်ရဲ့ ညီမလေးကို ၀ယ်မပေးချင်ဘူးလား ဒါလေးကို
" လောဘတေက တက်လာပြီ ပြောပြီးသားနော် ဒီလကနောက်ဆုံးပဲ နောက်ဘာမှမျှော်လင့်မနေနဲ့ ပိုက်ဆံမရှိပါဘူးဆို ညဈေးတန်းလည်း စားချင်တာ အကုန်လိုက်ပတ်ကျွေးရသေးတယ် အစားကျလည်းစားချင် ခရီးကျလည်းသွားချင်သေး ခရီးသွားဖို့ အ၀တ်အစားပါ ၀ယ်ပေးရဦးမယ် နောက်တစ်ပါတ်ကျ ခရီးသွားရမှာနဲ့ ပိုက်ဆံဘယ်လောက်ကုန်မယ်ထင်နေလဲ"
✋မေကြီးနဲ့တိုင်ပြောမယ် ငါ့ကိုဆူတယ်လို့ ပြီးတော့ နင့်လူကိုလည်း တိုင်ပြောမယ် ငါ့ကို ပိုက်ဆံမရှိလို့ဆိုပြီး အနိုင်ကျင့်နေတာ မိုးယံက အရမ်းစိတ်ပုပ်ပါတယ်လို့
" ဘာဖြစ်ဖြစ်မပေးဘူး ငါလည်း လက်ထပ်ဖို့ပိုက်ဆံစုရဦးမယ် လိုချင်ရင် ဘောစိဆီသွားကပ် "
မိုးယံစကားကြောင့် မိုးသွင်က ဆိုင်အပြင်သို့ထွက်သွားသည်။
စက်နေရိုင်းက ထွက်လာသော မိုးသွင်၏ လက်ကို ဆွဲလိုက်တော့ မိုးသွင်မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ကြည့်လာသည်။
တကယ်ကို ဖြူဖြူစင်စင်လေး။
ဒီလောက်တစ်ဖက်လူက ပြောသည်ကို ငြိမ်ခံနေရသည်လား။
"စိတ်မကောက်ပါနဲ့... ဒီတိုင်းပြောလိုက်.. "
မိုးသွင်ကို ပြန်တောင်းပန်လိုက်ချိန်တွင် အကွယ်တွင်ရပ်နေသော သူဌေး။
" မင်းနောက်နေ့ကစပြီး အလုပ်လာစရာမလိုတော့ဘူး မိုးသွင် ငါနဲ့လိုက်ခဲ့"
အစပျိုးခြင်းမရှိဘဲပြောလိုက်သော စကားကြောင့် မိုးယံမှာ ကြောင်တောင်တောင်လေးကျန်နေခဲ့သည်။ တကယ်မိုးသွင်နဲ့ ခင်မင်တာ ရက်ပိုင်းလောက်သာရှိသေးသော်လည်း သူတကယ် ဒီကောင်မလေးကို ညီမလေးလိုချစ်တာပါ။
ဒါနဲ့ သူဌေးက ငါ့ကို ဘာလို့အလုပ်ဖြုတ်တာလဲ။
ငါဘာအပြစ်လုပ်မိလိုက်တာလဲ ဟူသောမေးခွန်းက သူ့ခေါင်းထဲ ဝဲလည်နေသည်။
(Only Imagination)