18

9 1 0
                                    

"ကျွန်တော့်နာမ်မည် စက်နေရိုင်းပါ "
အရှေ့မှ မိတ်ဆက်လာသော ကောင်လေးကို ဦးမြင့်ဆွေ အကဲခတ်လိုက်သည်။ ၀တ်စားထားသည်က သပ်သပ်ရပ်ရပ်နှင့် ရည်ရည်မွန်မွန်လေးဖြစ်သည် ။
"ဦးလေးကို တွေ့ချင်တာက ဘာလို့လဲ "
"ကျွန်တော် မိုးသွင်အကြောင်းလေး မေးချင်လို့ပါ "
စက်နေရိုင်း၏ စကားကြောင့် ဦးမြင့်ဆွေက သူတို့ဘေးနားတွင်ထိုင်နေသော မိုးယံဆီသို့အကြည့်ပို့လိုက်သည်။ ဒါ သူ့သားလက်ချက်ပဲနေမယ်။
"မောင်ရင်က ဘာကိုသိချင်တာလဲ "
"မိုးသွင်ရဲ့ မိဘ.. "
"ဘာလို့သိချင်တာလဲ "
"သူက မိုးသွင်ရဲ့ ချစ်သူ "
ဘေးနားက ၀င်ပြောသည့် မိုးယံကို အကြည့်စူးစူးတစ်ချက် ကြည့်လိုက်တော့ မိုးယံက ချက်ချင်းပင် တိတ်သွားသည်။
"မိုးသွင်ကို ကိုယ်တိုင်မေးကြည့်တာ ပိုမကောင်းဘူးလား "
"သူက ဘယ်တော့မှ ပြောပြမယ့်ပုံမပေါ်ဘူး "
"ကာယကံရှင်က မပြောပြတဲ့အကြောင်းကို ဦးလေးတို့လည်း ပြောပြလို့ရမယ်မထင်ဘူး အားနာပါတယ် "
"ဦးလေး ဘယ်လောက်လိုချင်လဲ ကျွန်တော်ပေးမှာမို့ ကျွန်တော့်ကို ပြောပြပေးပါ "
စက်နေရိုင်း၏ စကားကြောင့် ဦးမြင့်ဆွေ၏မျက်နှာက တင်းမာသွားသည်။
ငွေရှိတယ်ဆိုတိုင်း ထင်တိုင်းကျဲချင်နေကြတဲ့ ပိုက်ဆံရှိ လူတန်းစားတေကို သူသိပ်မုန်းသည်လေ။
"မိုးယံ ဧည့်သည်ကို ပြန်လိုက်ပို့လိုက် "
ဦးမြင့်ဆွေက စိတ်တိုကာ ထသွားသည်မို့
" ကျွန်တော် စကားပြောတာမှားသွားပါတယ်
ကျွန်တော် တန်ကြေးဖြတ်တာ မဟုတ်ပါဘူး
ဒီအတိုင်း မိုးသွင်အကြောင်းကို သိချင်စိတ်များပြီး ပြောမိတာပါ"
" မင်းဘက်က ဘယ်လိုပြောပြော ဦးလေးက ပြောမပြနိုင်ဘူး"
" ကျွန်တော် တောင်းဆိုနေတာပါ"
"မိုးယံ ငါပြောတာမကြားတာလား "
မိုးယံမှာ ဖေကြီး၏အသံကြောင့် စက်နေရိုင်း၏လက်ကို ဆွဲပြီး ဆိုင်အပြင်သို့ ဆွဲထုတ်ရသည်။
" ကျွန်တော် တောင်းပန်ပါတယ်ဗျာ
ဖေကြီးကို ကျွန်တော်နောက်မှ မေးထားလိုက်ပါ့မယ် အခုတော့ ပြန်လိုက်ပါတော့"
မိုးယံစကားကြောင့် စက်နေရိုင်းစိတ်ပျက်လက်ပျက်ပင် ထွက်သွားတော့သည်။
~~Phone Ringtone~~
" ဟလို"
" မိုးယံလား"
ကိုရန်နောင်၏ အသံကြောင့် မိုးယံ ပျော်ရွှင်မိသွားသည်။ ဘာလို့ ဖုန်းဆက်တာပါလိမ့်။
" စက်နေရှိသေးလား"
" ပြန်သွားပြီ"
" မင်းအခု ဘယ်မှာလဲ"
"ကျွန်တော် ဆိုင်မှာဘဲ "
" မိုးသွင်ဆိုတဲ့ကောင်မလေး
မဟုတ်ဘူး ကောင်လေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတယ် အဲ့ဒါ စက်နေကိုပြောချင်လို့"
" ဘယ်မှာလဲ ဘယ်ဆေးရုံမှာလဲ"
" အေးချမ်းမြေ့ဆေးရုံမှာ စက်နေကိုရော ခေါ်ခဲ့ဦး"
" ဟုတ်.."
မိုးယံမှာ ကြားလိုက်ရသော သတင်းကြောင့် ခြေလက်များပင် တုန်ရီနေသည်။ အပြင်သို့ ထွက်သွားသော စက်နေရိုင်းနောက်က ပြေးလိုက်ချိန်တွင် စက်နေရိုင်းက ကားပေါ်ရောက်နေပြီဖြစ်သည်။
မိုးယံက ကားရှေ့ခန်းတွင် ၀င်ထိုင်လိုက်ပြီး
"အေးချမ်းမြေ့ဆေးရုံကို မောင်းပေးပါလား "
တုန်တုန်ရီရီနှင့်ပြောလာသော မိုးယံကြောင့် စက်နေရိုင်းက ကားကို မောင်းထွက်လိုက်ပြီး ဆေးရုံဆီသို့ ဦးတည်မောင်းလိုက်သည်။
" ဘယ်သူ ဘာဖြစ်လို့လဲ"
စက်နေရိုင်း၏ မေးခွန်းကို ပြန်မဖြေနိုင်သေး။
သူဖြေသင့်ရဲ့လား။
သူတောင် ဒီလောက်ဖြစ်နေတာ ကိုစက်နေရိုင်းသာဆို သူ့ထက်အခြေအနေပိုဆိုးမှာဘဲ။
စက်နေရိုင်းမှာ ပြန်ဖြေမလာသော မိုးယံကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
" သူငယ်ချင်းတစ်ယောက် အရေးပေါ်ဆေးရုံတင်ထားရလို့"
"မိုးသွင်တော့ မဟုတ်ဘူးမလား "
မိုးယံခေါင်းကို လေးလေးပင်ပင်ငြိမ့်ပြလိုက်ရသည်။
"မိုးသွင်မဟုတ်လို့ တော်သေးတာပေါ့"
"... "
"မနေ့ညကတည်းက သူနဲ့မတွေ့ရသေးဘူး
ငါ သူ့အပေါ် စိတ်ဆိုးသလိုဖြစ်ခဲ့မိလို့ စိတ်ပူနေတာ
နည်းနည်းတော့ ထူးဆန်းတယ်မလား
အဲ့ကောင်လေးကလေ ငါသူ့ကို စိတ်ကလေးနည်းနည်း ဆိုးမိတာနဲ့ ငါ့ကို စိတ်ပူစေမယ့်အရာတေ သူ့ဆီမှာ ဖြစ်ဖြစ်နေတာ ပြီးတော့ ငါသူ့ကို အကြာကြီး စိတ်မဆိုးနိုင်ဘူး အရင်က စိတ်ဆိုးတာကကျ သူ့ကို အားမရလို့ ကိုယ့်ကိုယ်ကို မကာကွယ်တတ်လို့  "
စက်နေရိုင်း၏ စကားများကို မိုးယံနားထောင်ရင်း ရင်ထဲဆို့နင့်နေမိသည်။
" သူကိုယ့်ကို ထားသွားဖို့ ပြောနေလို့ သူကိုယ်နဲ့ခွဲနိုင်မလားဆိုပြီး သူ့ကိုယ်သူသုံးသပ်စေချင်လို့ မနေ့ညက ထားခဲ့မိတာ မတွေ့ရတာ တစ်ရက်တောင်မပြည့်သေးဘူး ငါသူ့ကို လွမ်းနေပြီ
အဟက် ငါ့ကို အပိုပြောတယ်လို့ ထင်မလား"
မိုးယံက ခေါင်းသာရမ်းပြလိုက်သည်။
သူတကယ် အသံမထွက်နိုင်တော့။
" စတွေ့ကတည်းက သူက ငါ့ရဲ့အာရုံတေအကုန်လုံးကို ဖမ်းစားသွားတာ သူ့အနားကိုရောက်လာတာ မင်းဓနဦးကြောင့်လို့ ငါခံယူထားတဲ့ သတ်မှတ်ချက်အောက်မှာဘဲ သူကတော့ငါ့ရဲ့နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်သွားတာ သူကလွဲလို့ ဘာကိုမှ ဘယ်သူ့ကိုမှ မလိုအပ်တော့ဘူးဆိုပြီး ခံစားရတဲ့အထိ သူငါ့ကို ပြုစားထားနိုင်ခဲ့တာ "
စက်နေရိုင်းက မိမိပြောသမျှကို ငြိမ်ပြီးနားထောင်နေသော မိုးယံကို တစ်ချက်ကြည့်လိုက်ပြီး
"ငါ့ကို အရူးလို့ထင်သွားပြီလား "
မိုးယံက ခေါင်းရမ်းပြသည်။
"ထင်လည်း ခံရမှာဘဲ ငါကိုယ်တိုင်ကလည်း သူ့ကြောင့် တကယ်ရူးနေတာကိုး သူ့ကို ဆုံးရှုံးရမယ်ဆိုတဲ့အတွေးမျိုး မတွေးနိုင်ဘူး အဲ့အကြောင်းကိုတွေးလိုက်ရင် ငါ့ရင်ဘတ်မှာ သေမတတ်ခံစားရတယ်"
"... "
"ဒါ့ကြောင့် မင်း ငါ့ကို ကူညီပေးရမယ် မိုးသွင်ကို ကာကွယ်ပေးဖို့ အဲ့လိုဆို ငါလည်း ရန်နောင်နဲ့မင်းကို ကူညီပေးမယ်"
စက်နေရိုင်း၏ တလက်လက်တောက်ပနေသော မျက်၀န်းများကိုကြည့်ကာ မိုးသွင်မှာ ဖြေမဆည်နိုင်။
မင်း ဘာမှဖြစ်လို့မရဘူးနော် မိုးသွင်။
မင်းမှာ စောင့်နေတဲ့သူတေရှိတယ်။
မင်းသာ တစ်ခုခုဖြစ်သွားရင် မင်းလူကြီးကို ဘယ်လိုဖြေသိမ့်ရမလဲမသိဘူး။
.
.
"စက်နေ ရောက်လာပြီလား "
" မင်းက ဘယ်လိုလုပ်ရောက်နေတာလဲ
ခန့်သီဟဆီလာတွေ့တာလား"
မိုးသွင်၏ အခြေအနေကို ပြောမပြထားသဖြင့် စက်နေရိုင်း ဤနေရာတွင် ရန်နောင်ရှိနေသည့် အကြောင်းရင်းကို မသိ။
မိုးယံက
"ကျွန်တော် ပြောမပြရသေးဘူး "
" မင်းက ဘာကို မပြောရသေးတာလဲ"
စက်နေရိုင်း၏ မေးခွန်းကို ရန်နောင် ဘယ်လိုပြောရမလဲ မသိပေ။
"သူဘယ်မှာလဲ "
မိုးယံက နာမ်မည်မထုတ်ဘဲ မေးလိုက်သည်။
"ခွဲခန်းထဲမှာ "
"အခြေအနေက စိုးရိမ်ရလား "
"မသိရသေးဘူး "
မိုးယံနှင့် ရန်နောင်ကို ခပ်စူးစူးကြည့်လိုက်ပြီး
"ဘယ်သူလဲ လူနာက ဘယ်သူလဲ "
".. " "... "
"လူနာက ဘယ်သူလဲလို့မေးနေတယ်လေ "
မိုးယံက မျက်စိစုံမှိတ်လိုက်ပြီး
" မိုးသွင်.. ချစ်မိုးသွင် သူဓားထိုးခံရလို့"
မိုးယံ၏စကားကြောင့် ၀မ်းနည်းမှုနှင့် ဒေါသတို့တပြိုင်နက်ပေါ်ထွက်လာသော သူ၏ရင်ဘတ်တို့သည် ပေါက်ကွဲမတတ်။
"ဘယ်အချိန်ဖြစ်တာလဲ "
"ဖြစ်တာကတော့ မနေ့ညက ဖြစ်မယ်ထင်တယ် မနက်ကမှဆေးရုံကို ဘေးကလူတေက လာပို့ပေးလို့ မင်းကိုလည်းဖုန်းဆက်သေးတယ် မင်းဖုန်းက ဆက်မရလို့"
"ဘယ်သူလုပ်တာလဲ "
စက်နေရိုင်း တရားခံကို မေးမိသည်။
တကယ်ဆို မနေ့က သွင့်အနားကနေ ထွက်မသွားဘဲနေခဲ့ရမှာ။ အဓိကတရားခံက သူကိုယ်တိုင်ပဲ။
"မသိရသေးဘူး ရဲစခန်းကိုတော့ အကြောင်းကြားထားတယ် အဲ့ပန်းခြံနားက CCTVလည်းရှိနေတော့ သူတို့ အခုလောက်ဆို သိချင်လည်း သိနေရောပေါ့ "
ရန်နောင်၏ စကားကြောင့် စက်နေရိုင်း ဘေးနားရှိခုံတွင် ထိုင်ချလိုက်သည်။
ဒီလောက် ဖြူစင်တဲ့ လူသားလေးကို ဘယ်လို လူမျိုးက လုပ်ရက်ရတာလဲ။
မင်းဓနဦး..
မင်းဓနဦးလက်ချက်လား။
" ရန်နောင် မင်းဓနဦး ဖုန်းနံပါတ်ရှိလား"
"ရှိတယ် ဘာလုပ်ဖို့လဲ "
"ငါ့ကို ဖုန်းခေါ်ပေး "
ရန်နောင်က မင်းဓနဦးဆီဖုန်းခေါ်ပြီးပေးလိုက်သည်။
"ဟလို "
" မိုးသွင်ကို လုပ်ကြံတာ မင်းလား"
"ဘာကိုပြောချင်တာလဲ "
"မိုးသွင်ကို သတ်ခိုင်းတာ မင်းလားလို့ "
"ဘာ.. "
တစ်ဖက်ကလည်း သူ့စကားကြောင့် အံဩဟန်တုန့်ပြန်လာသည်။
"မိုးသွင် ဘာဖြစ်လို့လဲ "
"အဟက်..
မသိချင်ယောင်ဆောင်နေတာလား တကယ်မသိတာလား မိုးသွင် ဓားထိုးခံရတာ
မင်းလက်ချက်ဆိုလို့ကတော့ မင်းကို ငါကိုယ်တိုင်သတ်မှာ"
သူ့ကို ကြိမ်းမောင်းသွားသော သူကြောင့် မင်းဓနဦး ခေတ္တငြိမ်နေပြီးမှ မေမေ့အခန်းဆီသို့ သွားလိုက်သည်။
" ဘာလဲ အခန်းတံခါးခေါက်ရမယ်ဆိုတာ မသိတာလား"
"မေမေ မိုးသွင်ကို ဘာလုပ်လိုက်တာလဲ "
"ဘာလုပ်ရမှာလဲ အဲ့လို ကလေကချေတစ်ယောက်ကို အရေးလုပ်ဖို့ ငါ့မှာအချိန်မရှိဘူး"
"မိုးသွင်က ယောကျားလေးမို့ မေမေမိုးသွင်ကို သတ်ခိုင်းလိုက်တာ မလား "
"ဘာ "
"မေမေ မိုးသွင်က ယောကျားလေးမှန်းသိလို့ အမွေတေ‌ကို ပေးရမှာစိုးလို့ လုပ်လိုက်တာမလား "
"ဖြန်း
မင်းဓနဦး၏ ပါးပေါ်သို့ကျရောက်လာသော လက်ဝါးချက်။
" မင်းငါ့ကို ဘယ်လိုတွေးနေတာလဲ ဟင်
ငါက အဲ့လောက် သဘောထားသေးသိမ်တယ်လို့ မင်းစိတ်ထဲမှာ ထင်နေတာလား"
မေမေ့၏ ဒေါသထွက်နေသော မျက်နှာက မေမေမဟုတ်ကြောင်း သက်သေပြနေသည်မို့ မင်းဓနဦး ပြောစရာစကားမရှိပေ။
" ဒါဆို ဘယ်သူလုပ်တာလဲ"
"ငါသိမလား
ကလပ်မှာနေခဲ့တဲ့အတွင်း ရန်ငြှိုးရှိတဲ့လူရဲ့ လက်ချက်လည်းဖြစ်ချင်ဖြစ်မှာပေါ့ အဲ့တော့ အခြေအနေက စိုးရိမ်ရလား"
မေမေကလည်း အနည်းငယ်စိတ်ပူသည့်ဟန်နှင့်ပြောလာသည်မို့
"ဘာလို့မေးနေတာလဲ
အရင်က မိုးသွင်ကို အရမ်းမုန်းနေတာ မဟုတ်လား "
ဂွက်..
မေမေ၏ လက်သံပြောင်ပြောင်ကြောင့် မင်းဓနဦး၏ ခေါင်းမှာ တော်တော်လေး ထူပူသွားသည်။
" အဲ့ဒါ ငါ့ကိစ္စ အခုဘယ်မှာတဲ့လဲ"
"မသိဘူး "
" အခုအကြောင်းကို ဘယ်သူပြောတာလဲ"
" စက်နေရိုင်း"
" သူ့ဆီဖုန်းပြန်ဆက်လိုက် ဘယ်မှာလဲလို့"
" ... "
" ဖုန်းဆက်လိုက်လို့"
"မေမေ သူ့ကို ဘာမှမလုပ်တာ သေချာလား "
မေမေက သူ့ကို မျက်စောင်း၀င့်ကာကြည့်လိုက်သည်မို့ မင်းဓနဦး ရန်နောင်၏ဖုန်းနံပါတ်ကို ပြန်ဆက်လိုက်သည်။
"ဟလို "
"ဘာလဲ "
"အခု ဘယ်ဆေးရုံမှာလဲ "
" အေးချမ်းမြေ့"
"အခြေအနေက စိုးရိမ်ရလား "
"အခုလောလောဆယ်တော့ မသိရသေးဘူး "
" ဒါပဲ"
မင်းဓနဦးက ဖုန်းချလိုက်ပြီး
"မေမေလိုက်မှာလား "
" လိုက်မှာပေါ့ ကားထုတ်ထားလိုက် ဆင်းလာခဲ့မယ် "
မင်းဓနဦးက မေမေ့အခန်းထဲမှ ထွက်လာပြီး မိမိအခန်းသို့ ကားသော့ပြန်ယူကာ ကားကို အဆင်သင့် ထုတ်ထားလိုက်သည်။
မကြာမီပင် မေမေရောက်လာသည်။ မင်းဓနဦးက က ကားလေးကိုအေးချမ်းမြေ့ဆီသို့ ဦးတည်လိုက်သည်။
(Only Imagination)

LoveWhere stories live. Discover now