စက်နေရိုင်းတစ်ယောက် လက်ထဲတွင်ရှိနေသော လက်စွပ်ဗူးလေးကိုကြည့်ပြီး အပြုံးတို့က မရပ်တန့်နိုင်။ မိုးသွင်လက်နဲ့ဆို လိုက်ဖက်လွန်းမည်ထင်သည်။ စိန်တစ်ပွင့်တည်းနှင့် ရိုးရိုးရှင်းရှင်းလေးဖြစ်သော်လည်း ထိုစိန်၏ တန်ဖိုးက သိန်းထောင်ချီသည်။
ပေါပေါပဲပဲ လုပ်မလာနဲ့နော် ဟူသော ချစ်ရသူ၏ စကားကြောင့် သူကိုယ်တိုင် စိတ်ကြိုက် Orderအပ်ထားခြင်းဖြစ်သည်။
အိတ်ကပ်ထဲက ဖုန်းကိုကြည့်လိုက်မိတော့ သူ့စိတ်တို့က အနည်းငယ် လေးလံသွားရပြန်သည်။
ဘာလို့လဲ
ဘာလို့ စိတ်တေလေးလံနေရတာလဲ။
ထိုအချိန် သူ၏ဖုန်းထဲသို့ ၀င်လာသည့် အသံဖိုင်။
"မမ "
"ဟင် "
"ကျွန်တော်တို့ ဒီကနေ ထွက်သွားကြမလား
ကလေးလေးရယ် မမရယ် ကျွန်တော်ရယ် "
---
---
" ကျွန်တော်က ဘာအစွမ်းအစမှ မရှိပေမယ့် ကလေးလေးနဲ့ မမကို စောင့်ရှောက်နိုင်အောင် ကျွန်တော် ကြိုးစားမှာပါ"
ဖုန်းထဲမှ ထွက်ပေါ်လာသော အသံများကြောင့် စက်နေရိုင်း၏ နှလုံးသားသည် တဆစ်ဆစ် နာကျင်သွားရသည်။
သွင်က အခု သူနဲ့ဝေးရာကို ထွက်သွားဖို့ စဉ်းစားနေတာလား။ ကိုယ်က မင်းဘ၀ရဲ့ ဘယ်ထောင့်တစ်နေရာမှာမှ မပါ၀င်နိုင်တာလား။
ဒေါသထက် ၀မ်းနည်းခြင်းများသာ ကြီးစိုးလာပြီး ဖုန်းကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်မိလိုက်သည်။
ကိုယ်မင်းကို စိတ်ဆိုးချင်နေတယ် အချစ်ရယ်။
ထိုအချိန်မှ မြည်လာသော ဖုန်းသံ။
" ဟလို"
"ကိုစက်နေ အားလားဟင် "
တစ်ဖက်မှ မဝံ့မရဲမေးလိုက်သည့်အသံ။
ကိုယ်မင်းကို ဘယ်လိုစိတ်ဆိုးရက်မှာလဲ။
"အင်း "
" ညဈေးအတူတူသွားပေးလို့ ရမလားလို့"
" အင်း ကိုယ်လာခဲ့မယ်"
"ဒါဆိုဒါပဲနော် သွင်စောင့်နေမယ်"
သူလိုချင်တာကို ပြောကာ ဖုန်းချသွားသော အမျိုးသားငယ်။
ကိုယ်မင်းဆီက ရှင်းပြချက်ကို နားထောင်ချင်သေးတယ်။
.
.
"ကိုယ်အောက်မှာရောက်နေပြီ "
မိုးသွင်က ၀ရံတာဘက်ထွက်ကာ သူ့ကို လက်လှမ်းပြသည်။ ဒီနေ့မှ မိုးသွင်ရဲ့ ပုံစံက တက်ကြွနေသည့်ပုံပင်။ မကြာမီပင် အဝါရောင် hoodie လေးနှင့် ဆင်းလာသည်။ ရာသီဥတုပူနေတာတောင် အင်္ကျီက ဦးထုပ်ကို ဆောင်းထားသေးသည်။
တခြားသူအမြင်တွင် မည်သို့မြင်မည်မသိသော်လည်း စက်နေရိုင်း၏ မျက်လုံးထဲတွင်တော့ ကြက်ပေါက်ကလေးလို ချစ်စရာကောင်းသည်ဟု မြင်မိသည်။ သူ့ကို ပြုံးပြလာသည်က အေးချမ်းစွာနှင့်။
နှစ်ယောက်သား ညဈေးဆီသို့ ဦးတည်ကာ လမ်းလျှောက်လာခဲ့သည်။ ညဈေးရောက်တော့လည်း မိုးသွင်က မုန့်တစ်မျိုးပြီးတစ်မျိုးစားလိုက် သူ့ကိုကျွေးလိုက်နှင့် တကယ်ကြည်နူးစရာ။
ဒီအခိုက်အတန့်လေးတေကို ရပ်တန့်ထားလို့ရရင်ကောင်းမယ်။
" ဗိုက်ပြည့်သွားပြီ နည်းနည်းလမ်းလျှောက်လို့ရတယ်မလား"
စက်နေ ခေါင်းငြိမ့်ပြလိုက်သည်မို့ ဈေးမှအထွက် တိုက်ခန်းနှင့် ဆန့်ကျင်ဘက်ရှိ ပန်းခြံလေးဆီသို့ လျှောက်လာကြသည်။
"ကိုစက်နေ သွင့်ကို ဘာမှပြောစရာမရှိဘူးလား "
"... "
"သွင့်မှာ ပြောစရာရှိတယ် "
မိုးသွင်က စက်နေရိုင်းနှင့် မျက်နှာချင်းဆိုင်ပြီးရပ်လိုက်သည်။
" သွင့်ကို စိတ်ဆိုးနေလား"
"ကိုယ်က မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲ "
"တော်သေးတာပေါ့ "
"သွင်ကရော ကိုယ့်ကို ပြောစရာစကားမရှိတော့ဘူးလား "
စက်နေရိုင်းက မေးချင်သော မေးခွန်းများကို မြိုသိပ်ထားလိုက်ပြီး သွင့်ကိုသာ လမ်းကြောင်းပေးလိုက်သည်။
" သွင် ဒီကနေထွက်သွားတော့မယ်"
" ဘယ်ကိုလဲ"
"တစ်နေရာရာကိုပေါ့ "
"ကိုယ်ကရော
ကိုယ့်ကိုရော သွင့်ဘ၀ရဲ့ ဘယ်နေရာမှာထားတာလဲ ကိုယ်က သွင့်ဘ၀အတွက် အရေးမပါတဲ့လူလား"
"ကိုစက်နေက သွင့်ရဲ့အရေးကြီးတဲ့ လူတစ်ယောက်ပါပဲ "
"ဒါဆို ကိုယ်နဲ့အဝေးကို ထွက်သွားဖို့ ကိုယ့်ကို ချန်ထားခဲ့ဖို့ ဘာလို့တွေးနေတာလဲ ကိုယ်နဲ့ပဲ နေပေးလို့မရဘူးလား"
" ဟင့်အင်း ကိုစက်နေရဲ့ဘ၀မှာ အမည်းစက်တစ်ခုအဖြစ် သွင်မရှိချင်ဘူး ပြီးတော့ ကိုစက်နေထက် သွင့်ကိုလိုအပ်တဲ့သူ သွင်ဂရုစိုက်ပေးရမယ့် သူရှိနေသေးတယ်"
" ကိုယ်မေးတာကိုအမှန်တိုင်းဖြေပေးမလား"
စက်နေက သွင်၏ ပုခုံးများကို ဆုပ်ကိုင်လိုက်ပြီး
"ကိုယ့်ကိုချစ်လား "
"... "
"ကိုယ့်ကိုချစ်လား ဒါပဲဖြေပေး
ကိုယ်က မင်းကိုစိတ်ရှုပ်စေတဲ့အရာတေအားလုံးကို ဖြေရှင်းပေးမှာမို့ "
"အဲ့လိုကိစ္စမျိုး သွင့်မှာမရှိပါဘူး "
"ကိုယ့်ကို ချစ်လား "
"ဘ၀မှာ အချစ်က အရာရာမှမဟုတ်တာ
ကိုစက်နေက ပိုသိမှာပါ"
နှစ်ဆယ်ကျော် ကောင်လေးတစ်ယောက်ဆီမှ ရင့်ကျက်စွာထွက်လာသည့်စကား။
"ပြီးတော့ သွင်နဲ့ကိုစက်နေရဲ့ကြားက အချစ်က ပိုလို့တောင် အသုံးမ၀င်သေးတယ် "
အချစ်က အသုံးမ၀င်ဘူးတဲ့လား
အချစ်ဆိုတာ အသုံးချစရာမှ မလိုတာ အသုံး၀င်ဖို့ လိုအပ်လို့လား နှလုံးသားရဲ့ဆန္ဒအရ တစ်စုံတစ်ယောက်ကို ချစ်တဲ့နေရာမှာ အသုံး၀င်မှုဆိုတာ လိုသေးတာလား။
ဒီကောင်လေး ဘာလို့ ဒီလောက်တောင် အတွေးလွန်နေရတာလဲ။
" ကိုယ်သိချင်တာကိုဖြေပေး ကိုယ့်ကို ချစ်လား"
" သွင် ညာမပြောချင်ဘူး
အမှန်တိုင်းလည်း မပြောချင်ဘူး
ဒါပေမယ့် အမှန်တရားတစ်ခုကိုတော့ ပြောပြချင်တယ် သွင့်မှာ တာ၀န်ယူရမယ့် ရင်သွေးလေးရှိတယ်"
"အဲ့ဒါ ဘယ်သူ့ရဲ့ကလေးလဲ "
" သွင့်ကလေး"
ဟုတ်တယ်။ သွင်က ကလေးလေးရဲ့အဖေဖြစ်လာမှာဆိုတော့ အဲ့ဒါ သွင့်ရဲ့ကလေးပဲ။ ဘယ်သူ့ကိုမှ ဒီကလေးဟာ သွင့်ရဲ့ကလေး မဟုတ်ဘူးဆိုတာကို မပြောနိုင်ဘူး။
" ကိုယ့်ကို လိမ်နေတာမလား"
"သွင် မညာတတ်ပါဘူး "
"ကိုယ့်ကို နည်းနည်းလေးတောင်မချစ်ခဲ့တာလား "
စက်နေရိုင်း၏ အသံတို့သည် ၀မ်းနည်းမှုကြောင့် တုန်ယင်နေသည်။ ထိန်းထားသည့် ကြားမှပင် ဘယ်ဘက်မျက်၀န်းမှ မျက်ရည်စက အပြင်သို့ လျှံကျလာသည်။ မိုးသွင်၏ မျက်၀န်းတို့တွင်လည်း ဟန်ဆောင်နေသော အရိပ်အယောင်မတွေ့ရသဖြင့် ပို၍ နာကျင်ရသည်။ ကိုယ် မင်းရဲ့မျက်၀န်းတေကို နားလည်ရတာ နာကျင်လိုက်တာ။
မိုးသွင်မှာ မိမိရှေ့တွင် နာကျင်နေသောချစ်ရသူကြောင့် သူ၏နှလုံးသားသည်လည်း ထပ်တူ နာကျင်ရပြန်သည်။
ဒီတစ်ခါပဲ ဒီတစ်ခါပဲ နာကျင်ပေးပါ ရိုင်း။
နောက်ဆိုရင် သွင်မရှိလည်း ရိုင်း နေသားကျသွားမှာပါ။ အချစ်သစ်ကို ရှာတွေ့ပြီးတော့..
ရိုင်းက တခြားအမျိုးသမီးတစ်ယောက်ကို ချစ်မိပြီးတော့ သာယာတဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်မှာပါ။ ဒီလိုဆို သွင်လည်း အဝေးကနေကြည့်ပြီး.. အတွေးထဲမှာပင် နာကျင်လာရသည်။ ရိုင်းက တခြားတစ်ယောက်ကို ချစ်သွားမည်ဟူသော အတွေးက သူ့ကို နာကျင်စေပြန်သည်မို့ မိုးသွင် တအင့်အင့်ရှိုက်ငိုနေမိသည်။ ဒီလူ့ကို နှုတ်ဆက်စကားပြောရတာ ဘာလို့ ခက်ခဲနေရတာလဲ။ဒီလူ့ရဲ့ နှလုံးသားကို သူ့အပိုင်အဖြစ်သိမ်းထားချင်လိုက်တာ။ ဘယ်သူ့ကိုမှ မချစ်မိအောင် ပြုစားထားလိုက်ချင်တယ်။
အတွေးနှင့်အတူ ရိုင်း၏ မေးရိုးသွယ်သွယ်ကို ခပ်ဖွဖွကိုင်ပြီး ခြေဖျားထောက်ကာ မိမိထက် အရပ်ပိုမြင့်နေသော ရိုင်း၏ နှုတ်ခမ်းပါးဆီသို့ မိမိ၏ နှုတ်ခမ်းများကို ဖိကပ်ဟန်ပြင်တော့ ရှောင်လွှဲသွားသည့် ရိုင်း။
ဘာလို့လဲ။ ရိုင်းက သူ့ကို ဘာလို့ငြင်းတာလဲ။ သူ့ကိုစိတ်နာသွားတာလား။ ဟင့်အင်း အဲ့လိုမျိုးမဖြစ်စေချင်ဘူး။
"ဒါက ကိုယ့်ကို နှစ်သိမ့်ပေးဖို့အတွက်ဆို ကိုယ်မလိုချင်ဘူး "
စက်နေရိုင်း၏ အပြုအမူကို မယုံကြည်နိုင်ဟန်နှင့် ကြည့်သည်။ မိုးသွင်၏ မျက်၀န်းတွင် မျက်ရည်စတို့ မစဲတော့ပေ။ စက်နေရိုင်းမှာ မိုးသွင်ကို ပွေ့ဖက်နှစ်သိမ့်ချင်သည့် စိတ်များကို ချိုးနှိမ်လိုက်ပြီး အိတ်ကပ်ထဲမှ လက်စွပ်ဗူးကို ထုတ်ကာ မိုးသွင်လက်ထဲကို ထည့်ပေးလိုက်သည်။
"မင်းတောင်းထားတဲ့ လက်စွပ်"
လက်စွပ်ကို ပေးပြီးသည်နှင့် စက်နေရိုင်း ထိုနေရာမှ ထွက်လာခဲ့သည်။
ကိုယ့်ကို တကယ်ထားခဲ့နိုင်လား မင်း ဆုံးဖြတ်ပါ။
ကျန်တဲ့ ကိစ္စတေကို ကိုယ်ရှင်းပေးမှာမို့။
(Only Imagination)