"စားနေပြီလား "
စိုနေသော ခေါင်းကို တဘက်တစ်ထည်ဖြင့် သုတ်ရင်း စက်နေရိုင်းက မိုးသွင်၏မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။
"အင်း "
စက်နေရိုင်းက ဆီပေနေသော မိုးသွင်၏နှုတ်ခမ်းထောင့်ကို တစ်သျှူးဖြင့် ဖွဖွလေး သုတ်ပေးလိုက်သည်။
"ဖုန်းထဲကို အန်တီက ပုံပို့ထားတယ် "
မိုးသွင်က မျက်လုံးလှန်ကာကြည့်ပြီး ပြောလာသည်။
" အင်း သူက လှရဲ့လား"
စက်နေရိုင်းက သွင့်ကို သွေးတိုးစမ်းကာ မေးလိုက်သည်။ မေမေက မိန်းကလေးဓာတ်ပုံ ပို့ပေးမည်ကို သူသိထားသည်လေ။
သူ့မေးခွန်းကြောင့် မိုးသွင်၏နှုတ်ခမ်းက အနည်းငယ်စူထွက်လာသည်မို့ စက်နေရိုင်း ထိုနှုတ်ခမ်းလွှာနှစ်ခုကို စုပ်ယူလိုက်သည်။
"စပ်လိုက်တာ "
အစပ်အရသာက သူ့လျှာဖျားဆီသို့ ကူးစက်လာသဖြင့် ညည်းညည်းညူညူလေးပြောလိုက်တော့ မိုးသွင်၏ မျက်စောင်းကို လက်ခံရရှိလိုက်သည်။
"ခင်ဗျား.. "
" အင်း"
"သူ့ကို သွားတွေ့မှာလား "
" အင်း"
သူ့ကို ကြည့်နေရင်းမှ မိုးသွင်က ပြန်ငုံ့သွားပြီး မာလာရှမ်းကောကို ပြန်စားနေသည်။
"အဟွတ်.. အဟွတ်.. "
ရုတ်တရတ် ထသီးလာသော မိုးသွင်ကြောင့် စက်နေရိုင်း ရေခဲသေတ္တာထဲမှရေဘူးထယူပေးလိုက်ပြီး
"မစားတော့နဲ့ "
" စား..မှာ.."
ချက်ချင်းပင် ရဲတက်လာသော မျက်နှာနှင့်အတူ မျက်၀န်းထဲမှလည်း မျက်ရည်တို့စီးကျလာသည်။
"ရေသောက်လိုက် "
စက်နေရိုင်းက မာလာရှမ်းကောပန်းကန်ကို မိုးသွင်ရှေ့မှယူသွားလိုက်ပြီး ရေခဲသေတ္တာထဲမှ ရေခဲမုန့်တစ်ခုကိုပါ ယူပေးလိုက်သည်။
"အစားကို သေချာစားမှပေါ့ အချစ်ရယ် "
"... "
" မနက်ဖြန်ကျ အချစ်ရောလိုက်ခဲ့မလား"
အတည်ပြောလာသော စကားကြောင့် မိုးသွင်က အံ့ဩသလိုလေးကြည့်လာပြန်သည်။
"မေမေက ကိုယ့်ကို သူနဲ့တွေ့ခိုင်းတာ ကိုယ်သဘောကျရင် လက်ထပ်ပေးဖို့တဲ့ "
" ... "
" အချစ်"
"ဟင် "
"ဘာမှမပြောတော့ဘူးလား "
" သွင်က ဘာပြောရမှာလဲ"
" ကိုယ့်ကို အများရှေ့မှာ ပိုင်ဆိုင်ကြောင်းမပြချင်ဘူးလား"
အဲ့လိုစိတ်မျိုးတော့ သွင့်မှာမရှိပါဘူး။
ဒါပေမယ့် သွင်ကလွဲရင် တခြားသူကို ဂရုစိုက်မှာမျိုးကိုတော့ သွင်တကယ်မလိုလားပါပေ။
" ကိုယ့်ကို မတားတော့ဘူးလား"
"သွင်က ဘာကိုတားရမှာလဲ "
စက်နေရိုင်း ခပ်တည်တည်လေးဖြစ်သော သွင့်ကိုကြည့်ကာ အသည်းတယားယား။
သ၀န်တိုနေတဲ့ပုံစံလေးက သူများတေလိုမဟုတ်ဘဲ ပုံမှန်ထက် ခပ်တည်တည်လေးပဲဖြစ်နေသည်။
ပြီးတော့ သူ့ကိုလည်း တားမြစ်ခြင်းမရှိ။
ကိုယ့်ကို မတွန့်တိုတာလည်း မဟုတ်ဘဲ ရင့်ကျက်ချင်ယောင်ဆောင်ကာ စိတ်ကို ထိန်းချုပ်ထားသည့်ပုံစံလေးက တကယ်ကို ချစ်စဖွယ်။
ဟိုမိန်းကလေးနဲ့ သွားတွေ့တာက သူ့အပေါ်ကို မိုးသွင်ထားတဲ့ အတ္တလေးတေ ပိုကြီးလာနိုင်မလား။
"ဒါဆို ကိုယ်မနက်ဖြန်သွားတွေ့မယ်နော် "
"အင်း "
"တကယ်မတားတော့ဘူးလား "
မိုးသွင်က ခေါင်းရမ်းပြလာသည်။
" ကိုယ်က သူ့ကိုချစ်မိသွားရင်ရော"
ထိုသို့ပြောတော့ မိုးသွင်၏အကြည့်က အနည်းငယ်စူးရဲသွားသည်။
ချစ်ဖို့ကောင်းလိုက်တာကွာ။
"ချစ်မိသွားတာက တားလို့မှမရတာ
ခင်ဗျားနှလုံးသားက အဲ့လောက်လွယ်တာလား "
"မလွယ်ပါဘူးဗျာ ကျွန်တော်မျိုးရဲ့နှလုံးသားက အချစ်အပိုင်ပါ "
" အဲ့ဒါဆို သွင်က ဘာကိုတားရဦးမှာလဲ
ခင်ဗျားချစ်တာက ကျွန်တော်ပဲကို"
ကျွန်တော် ခင်ဗျား တေတောင် သုံးလာပြီမို့ စက်နေရိုင်းက သဘောတကျပြုံးလိုက်သည်။
မိုးသွင်အကြီးအကျယ်ဒေါသဖြစ်သည်ကို သူတစ်ခါမှ မမြင်ဖူးသေးပေ။
စိတ်အလိုမကျသည့်အခါများမှသာ အသုံးအနှုန်းလေးတေ ပြောင်းတာပဲရှိသည်။
တကယ်ကို သူတော်ကောင်းပေါက်စလေးက ဒေါသမရှိတာလား ချုပ်တည်းနိုင်တာလားမသိ။
သူသာဆိုရင် မသွားရဘူး မတွေ့ရဘူး ဆိုပြီး ပြောစကားနားမထောင်ရင် လှောင်ပိတ်ထားမိမည်ထင်သည်။
" ဒီနေ့ အလုပ်လုပ်စရာရှိသေးတာလား"
"မရှိဘူး အလုပ်တေအကုန်ဖြတ်လာခဲ့တယ် ရုပ်ရှင်ကြည့်မလား"
" ဟင့်အင်း"
"ဘာလုပ်ချင်လဲ "
" ညဈေးသွားချင်တာ"
" ဘာလုပ်ဖို့လဲ"
စက်နေရိုင်းက ညဈေးသွားမည်ကို သိပ်သဘောမကျ။ ညဈေးသွားတိုင်း အန္တရာယ်နဲ့ကြုံနေရတာ။
"ညဈေးက မုန့်တေကကောင်းတယ်လေ ဈေးလည်းမကြီးဘူး အရသာလည်းရှိတယ် "
" ဘာစားချင်တာလဲ ကိုယ်မှာပေးမယ်လေအချစ်ရယ်"
"ဈေးကိုပတ်ပြီးစားချင်တာ "
" နောက်ပိတ်ရက်ကျ လိုက်ပို့ပေးမယ်"
" တကယ်နော်"
" အင်း ပြီးတော့ နေ့ဘက်တေလည်း ပျင်းရင် အပြင်ထွက်လို့ရတယ်လေအချစ်ရယ် တိုက်ခန်းထဲမှာဘဲ အောင်းနေတော့မှာလား"
" အဲ့ဒါဆို သွင်အလုပ်လုပ်ချင်တယ်"
"ဒီတိုင်း အလည်အပတ်ထွက်ဖို့ပြောတာလေအချစ်ရယ် အလုပ်လုပ်စရာမလိုပါဘူး "
" ဒါပေမယ့် သွင်အသက်ကြီးလာရင် သွင်ဒုက္ခများမှာပေါ့ မနက်က ရုပ်ရှင်ထဲမှာဆို ငယ်ငယ်က ဘာမှမလုပ်တော့ အသက်လည်းကြီးလာရော ပြုစုမယ့်သူမရှိနဲ့ ပိုက်ဆံကမရှိနဲ့ ဒုက္ခရောက်တာ"
တကယ်ကို လေးလေးနက်နက်လေးပြောလာသည်။ ပြန်ရောက်ရောက်ချင်း ညှိုးငယ်နေသည့်မျက်နှာက ရုပ်ရှင်ကြောင့်ပေါ့။
ဒီကောင်လေးက အဲ့လိုလည်း အတွေးခေါင်တတ်သေးတာ။
" ကိုယ်က မင်းတစ်ဘ၀လုံးပြည့်စုံအောင်မထားနိုင်ဘူးထင်နေတာလား"
" အဲ့လိုမထင်ပါဘူး"
"ဒါဆို ဘာပူစရာလိုလည်း အချစ်ရယ် "
" ဒါပေမယ့် ကံဆိုတာ..အွတ်.."
စကားများနေသော ကောင်လေးကို စက်နေရိုင်း အနမ်းဖြင့် နှုတ်ပိတ်လိုက်သည်။
ရုတ်တရတ် သူ့နှုတ်ခမ်းများကို နမ်းရှိုက်လာသော ရိုင်း၏အနမ်းများကို ပြန်တုန့်ပြန်မိသည်။
ရိုင်းကို သူသိပ်ချစ်သည်။
မေမေက ပြောခဲ့တာ အစွဲလမ်းမကြီးရဘူး မျှော်လင့်ချက်မကြီးရဘူးတဲ့။
မေမေ့စကားကို မလိုက်နာနိုင်တော့ဘူးထင်ပါရဲ့။
ရိုင်းကို သူစွဲလမ်းမိနေပြီ။
ရိုင်းနဲ့ တစ်ဘ၀လုံးနေသွားချင်တယ်ဆိုတဲ့ မျှော်လင့်ချက်လည်း သူ့ရင်ထဲမှာ ကိန်းအောင်းနေပြီ။ အချစ်ကြီးရင် နာကျင်ရတတ်တယ်တဲ့။
ဒါပေမယ့် ရိုင်းက သူ့ကိုနာကျင်အောင် မလုပ်ဘူးမလား။ ရိုင်းကိုယုံကြည်လို့ရတယ်မလား။
.
.
မဖွင့်တာ ကြာပြီဖြစ်သော ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ခေါ်ဆိုထားသည့် အ၀င်ကောလ်များက အများအပြား။
အများဆုံးကတော့ မိုးယံကဖြစ်သည်။
သူမကိုင်တာတောင် ဇွဲမလျော့ဘဲခေါ်နေသော မိုးယံက သူ့အတွက် တကယ်ကို သူငယ်ချင်းကောင်းတစ်ယောက်။ ပြန်ခေါ်လိုက်သင့်လား။ သူ့ကိုယ်သူမကောင်းတဲ့သူတစ်ယောက်လို ခံစားမိသည်။ သူ့ခံစားချက်အတွက် အားလုံးကို လျစ်လျူရှု့ထားခဲ့သည်။ အယုတ်စွဆုံး အမရင်းဖြစ်သော မမမေရှားကိုပင် ဖုန်းမဆက် အကြောင်းမကြားခဲ့။ မင်္ဂလာပွဲက ပျော်စရာကောင်းခဲ့လားဆိုတာ သူမသိ။
မမနှင်းရော တကယ်ကိုယ်၀န်ရှိနေသလား ရှိမနေဘူးလားလည်း သူမမေးမြန်းခဲ့မိတော့။ ရိုင်းစကားကြောင့် သူ့ကို သတ်ဖို့ကြိုးစားခဲ့တာက မမနှင်းဆီပါဆိုတာကို လက်ခံထားပေမယ့် ယုံကြည်ဖို့ ခက်ခဲနေဆဲ။ ဘာလို့လုပ်ရလဲ အကြောင်းပြချက်က ရှာမတွေ့။
ရိုင်း ပြောပြောနေတဲ့ သွင်က တခြားသူတေကို သိပ်ဂရုစိုက်လွန်းတယ်ဆိုတဲ့စကားက အမှန်တော့ မဟုတ်တော့ပေ။ ရိုင်းတစ်မျက်နှာကြောင့် သူ့ကို ချစ်တဲ့သူတေအကုန်လုံးကို အဆင်အသွယ်ဖြတ်ပစ်ခဲ့သည်အထိ သူဟာ တစ်ကိုယ်ကောင်းဆန်သည်လေ။
"Happy birthday ပါ
သွင် ကျန်းမာရေးဂရုစိုက်နော်"
မမမေရှား၏ မွေးနေ့ဆုတောင်းတစ်ခုပို့ထားသည်ကိုလည်းတွေ့ရသည်။ ဘာလိုလိုနဲ့ သူလည်း နှစ်ဆယ့်တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
မမလည်း သူလုပ်ချင်ခဲ့လို့မှမဟုတ်တာ။
မမဆီမှာ တစ်လနေတဲ့အတွင်းသိလာရတာက မမဟာ စိတ်ပိုင်းဆိုင်ရာ ကုထုံးတေနဲ့ ကုသနေရတယ်ဆိုတာပဲ။ ကိုခန့်သီဟ ပြောခဲ့တဲ့ မမကို နွေးနွေးထွေးထွေးဆက်ဆံပေးပါဆိုတဲ့ စကားကိုလည်း သွင်မလိုက်နာခဲ့။ တကယ်တော့ မမဟာ ဖေဖေနဲ့ ဒေါ်ခင်ခင်ထက်တို့နှစ်ယောက်ကြားမှာ မိုးသွင်နဲ့ပက်သတ်ပြီး မြေစာပင်ဖြစ်ခဲ့ရတယ်။
တင်..
ဖုန်းထဲသို့၀င်လာသော message
"သွင်ရေ မင်းလူကြီးကို ငါသတ်ချင်လိုက်တာ
အစကတော့ မင်းမရှိရင်မဖြစ်ပါဘူးဆိုပြီး အခုတော့ မင်းပျောက်သွားတာနဲ့ နောက်မိန်းကလေးနဲ့ Dateနေတယ် "
စာနှင့်အတူ ရိုင်းတို့နှစ်ယောက်၏ ပုံကို သူ့ဆီပေးပို့လာသည့် မိုးယံ။ တကယ်ကို သူလိုင်းပေါ်မရှိတာကြာလှပြီကို စာပို့နေသေးသည်။
Active ဖြုတ်ထားသော်လည်း seenပြသွားသောကြောင့်ထင်သည် မိုးယံက သူ့ဆီသို့ ဖုန်းခေါ်လာသည်။
" ဟလို"
" ခွေးကောင် ဘယ်ရောက်နေတာလဲ
ငါဖုန်းတေဒီလောက်ခေါ်ထားတာကို ဘာလို့ပြန်မခေါ်ရတာလဲ အဲ့လောက်တောင် အဆက်အသွယ်ဖြတ်ချင်နေတာလား ငါ့ရဲ့မွေးစားညီဆိုပြီးတော့ အခု အိမ်က ဘယ်လောက်စိတ်ပူနေလဲ မသိဘူးလား"
တရစပ်ပြောလာသော မိုးယံစကားကြောင့် မိုးသွင်ပြုံးလိုက်သည်။
" တောင်းပန်ပါတယ်"
"တောင်းပန်ရုံနဲ့ရမလား အခုဘယ်မှာလဲ "
" တစ်နေရာရာမှာရှိပါတယ် စိတါမပူပါနဲ့"
" ဘယ်တော့ပြန်လာမှာလဲ"
" မသေချာသေးဘူး"
" မင်းလူကြီးက မိန်းကလေးတစ်ယောက်နဲ့.."
မိုးယံက ပြောနေရင်း ရပ်တန့်လိုက်သည်။ ကိုရန်နောင်က ကိုစက်နေရိုင်းတို့ဝိုင်းဆီရောက်လာပြီး ထိုမိန်းကလေးကို ပြုံးရွှင်ကာ မိတ်ဆက်နေသည်မို့။
ဒီcrushဟာလေ နှာဗူးလို့ပြောရင်လည်း လွန်ဦးမည်။ မိန်းကလေးလှလှလေးများတွေ့ရင် မျက်နှာက အလိုလိုကိုရွှင်နေတော့တာဘဲ။ သူနဲ့များဆိုရင် မျက်နှာက တည်တင်းနေတာဘဲ။
"မိုးယံ ဘာဖြစ်သွားတာလဲ "
"ဘာမှမဖြစ်ဘူး "
"မင်းက အခုဘယ်မှာလဲ "
"အပြင်ခနရောက်နေတာ ဒီနေ့ အလုပ်ကိစ္စနဲ့ရုံးပြင်သွားရတာမို့ နေ့လည်စာစားနေတာ "
"ဪ "
" မင်းတကယ် ကိုစက်နေရိုင်းကို လက်လွှတ်လိုက်တော့တာလား"
" အဲ့မိန်းကလေးက အပြင်မှာတော်တော်ချောတာလား"
"အင်း သူ့Bodyguardလား ဘာလားမသိဘူး နောက်မှာပါတဲ့သူကလည်း တော်တော်လေးချောတယ် "
မိုးယံက ကိုစက်နေရိုင်းတို့ဝိုင်းဘေးတွင် ရပ်နေသော လူကိုကြည့်ကာ ပြောလိုက်သည်။
တော်တော်ကို ချောတဲ့သူပဲ။
အရပ်အမောင်းကတော့ သူနှင့်အတူတူပဲရှိလောက်မည်။ ၀တ်ထားသည်ကလည်း အနောက်တိုင်း၀တ်စုံနက်ပြာရောင်နှင့်မို့ တကယ်ကို Bodyguard ပုံစံ။
မိုးယံကြည့်နေစဉ်ပင် ထိုလူကလည်း မိုးယံကိုပြန်ကြည့်လာသည်မို့ ကမန်းကတန်းရေသောက်လိုက်ပြန်တော့ သီးသွားပြန်သည်မို့ စိတ်ထဲမှ မိမိကိုယ်ကိုယ်သာ ကျိန်ဆဲမိသည်။
"အခုဘယ်မှာလဲ "
" DYZ Mallမှာ လာမလို့လား"
" မလာပါဘူး"
"ညရောက်ရင် ဖုန်းဆက်မယ်
စက်ပိတ်မသွားနဲ့နော် မေကြီးဘယ်လောက်တောင် စိတ်ပူနေလဲသိရဲ့လား "
" အင်းပါ"
" စက်ပိတ်သွားရင်တော့ မရရအောင်လာရှာပြီး မင်းကို ထိုးမှာနော်"
" အင်း "
"အဲ့ဒါဆိုလည်း ဒါပဲ ငါလည်း ပြန်ရတော့မယ် "
" အင်း.."
မိုးယံက ဖုန်းချသွားသည်။
ငါသွားကြည့်ရမလား။ သွားသင့်ရဲ့လား။ DYZ Mallက သွင်တို့တိုက်ခန်းနှင့် သိပ်ဝေးလှသည်မဟုတ်။ သွားသင့်ရဲ့လား။
(Only Imagination)