Ep - 00

1K 79 16
                                    

အဲဒီနေ့က ကြယ်တွေ ကြွေသည်။

ရိုးရိုး ကြယ်ကြွေတာမျိုး မဟုတ်ဘဲ ကြယ်မိုးတွေ တဖွဲဖွဲ ရွာခဲ့တာ ဖြစ်သည်။

ကောင်းကင်တစ်ပြင်လုံးပေါ် ဖြန့်ကျက်ပြီး အလင်းတန်း ဖြူဖြူတွေ အစုအဖွဲ့ဖြင့် ဆင်းသက်လာနေခြင်းဟာ နတ်သက်ကြွေကျလာသော နတ်သား နတ်သမီးပေါင်းများစွာအား ကမ္ဘာမြေထက်ကနေ တမေ့တမော ထိုင်ကာ ငေးမောနေရသလိုပါပင်။

" မကြီး။ မကြီး။ ကောင်းကင်မှာ မီးလောင်နေတယ်။ "

ဝရန်တာတွင် အတူတူ ရှိနေသည့် လေးနှစ်သမီးအရွယ် ညီမလေးက ထိတ်ပြာစွာနှင့် ကောင်းကင်ထံသို့ လက်ညှိုး ထိုးပြသည်။ ကောင်းကင်ကြီး နာကျင်နေတော့မှာပဲ ဟူသော စိုးထိတ်မှုများဖြင့် ညီမလေး၏ မျက်လုံးထဲမှာ ဝမ်းနည်းခြင်းအရိပ်အယောင်တစ်ချို့လည်း ငြိထွေးနေသည်။

" ဒီလိုအချိန်ဆို ဆုတောင်းရမှာပေါ့ ဂျီအာရဲ့။ "

" ဆုတောင်းလား။ "

ညီမလေး ဂျီအာက မီးလောင်နေသည့် ကောင်းကင်ကြီးထံမှ အကြည့်လွှဲရင်း ဘေးက ဆွန်းအာကို မော့ကြည့်သည်။

" အင်း။ ကြယ်တွေ အများကြီး ကြွေတော့ ဆုတောင်းတွေလည်း အများကြီး ပြည့်မယ် ဆိုတဲ့ သဘောပေါ့​။ မဟုတ်ဘူးလား။ "

ကောင်းမွန်သော အစားအသောက်တွေ ဆိုတာ ချစ်ခင် မြတ်နိုးရသည့် လူတွေနှင့် အတူ ဝေမျှစားလျှင် ပိုပြီး အရသာ ရှိတတ်တာ မှန်သလို၊ လှပခမ်းနားသော အရာရာတိုင်းဟာလည်း တစ်ဦးတစ်ယောက်တည်း ငေးကြည့်ဖို့ သင့်တော်တဲ့ အရာတွေ ဟုတ်မနေတာမို့။ ။



......................




" ဟယ်လို။ ဆွန်းအာ လား။ "

ဟန်မြစ်ပန်းခြံရှိ လူသွားလမ်းကလေးထက်တွင် ဂျင်ဒါလ်လယ် အပြေးလေ့ကျင့်ခန်း ပြုလုပ်နေစဉ် ကောင်းကင်ပေါ်မှ တစ်စုံတစ်ရာဟာ စိတ်အာရုံကို အမိအရ ဆွဲဆောင်လိုက်ခြင်းကြောင့် ဒီတစ်နေရာတည်းမှာပဲ ရပ်တန့်နေမိတာ မိနစ်အနည်းငယ် ကြာခဲ့ပြီ။

အာရုံအလုံးစုံအား ဖမ်းစားထားသည့် ထို တစ်စုံတစ်ရာထံ ဗီဒီယိုဖြင့် မှတ်တမ်းတင်ဖို့ ပြင်ဆင်ပြီး ဖုန်းကို အားကစားအင်္ကျီအိတ်ကပ်ထဲမှ ထုတ်ယူနေဆဲမှာပဲ ဆွန်းအာဆီက တိုက်တိုက်ဆိုင်ဆိုင် ဖုန်းဝင်လာခြင်း ဖြစ်သည်။

Less Ice, More Sugar (Completed)Where stories live. Discover now