Ep - 04

229 41 13
                                    

စွန့်လွှတ်ပစ်လိုက်ရတာနဲ့ မေ့ပစ်လိုက်ရတယ် ဆိုတာ အခြေအနေချင်း ကွာခြားပါတယ်။

မင်းကို စွန့်လွှတ်လိုက်ရင် ငါ့ဘဝမှာ အိပ်မက်မက်ဖူးသမျှ အနာဂတ်နေ့တွေ ပျောက်ကွယ်သွားမှာ ဖြစ်ပြီး

မင်းကို မေ့ပစ်လိုက်ရင်တော့ အဲ့ဒါဟာ ငါ့ကိုယ်ငါ မေ့ပစ်လိုက်တာနဲ့ အတူတူပါပဲ။

စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ

................

| အခု ကျောင်းကို သွားနေပြီလား။ ဒီနေ့တော့ သွားဖြစ်အောင် သွားမယ် မဟုတ်လား။ |

မက့်ဆေ့ချ်ကို ဖတ်ပြီး ဂျွန် စုတ်သတ်မိသည်။ ဟာဒိုယွန်းက တကယ် တဖြည်းဖြည်း လွန်လွန်းလာနေပြီ။

" ငါ့ဟာငါ ကျောင်းသွားသွား မသွားသွား နင်နဲ့ ဆိုင်လို့လား။ နင့်ကိစ္စလား။ နင့်အပူလား။ နင်က ငါ့အဖေလား။ ငါ့အုပ်ထိန်းသူမို့လို့လား​ နင်က။ "

ဒိုယွန်းက မက်ဆေ့ချ်လေးပဲ လှမ်းပို့သည် ဆိုပေမယ့် ဂျွန်ကတော့ ဖုန်းပါ လှမ်းဆက်ပြီး ပယ်ပယ်နယ်နယ် ဆဲပစ်လိုက်သည်။ ဘယ်လောက်ပဲ အဆဲခံရခံရ ဒိုယွန်းဟာ ဘယ်တော့မှ မဖြုံ။ အခုလည်း အဲဒီလိုပဲ။ ဂျွန်ကသာ ဒီဘက်အခြမ်းကနေ ဒေါနှင့်မောနှင့် ပေါက်ကွဲသံစဉ်တွေ ကရားရေလွှတ် တီးခတ်နေမိတာ၊ ဟိုဘက်အခြမ်းမှ ဒိုယွန်းသည်တော့ နားဝင်ပီယံရှိလှသော ဂီတသံအား ကြားလိုက်ရသည့်အတိုင်း ရယ်ပင် ရယ်နေလိုက်သေး။

ဂျွန် တစ်ခါတစ်လေလည်း တွေးမိသည်။ ဟာဒိုယွန်းက တကယ်ပဲ ရူးများ ရူးနေသလား လို့လေ။

" ဒေါသတွေ လျှော့စမ်းပါ ဂျွန်ရယ်။ ကျောင်းရောက်ရင် ဂျူနီယာတွေကို အနိုင်မကျင့်နဲ့နော်။ ရန်လည်း မဖြစ်နဲ့။ ဆဲလည်း မဆဲနဲ့။ လိမ်လိမ်မာမာနေ။ နော်။ "

" မသိဘူး​။ ငါ နေချင်သလိုနေမှာ။ ငါပိုင်တဲ့ ငါ့ဘဝပဲ။ "

စုတ်တစ်ချက် ထပ်သတ်ပြီး ဂျွန် ဖုန်းချလိုက်သည်။
ကျက်သရေ မရှိလိုက်တာ။ ဒီကျောင်းရုပ်ကလည်း ကျက်သရေ မရှိဘူး။ နှစ်ဝက်စာမေးပွဲ နှစ်ခုလုံး ကျပြီး ပထမနှစ်ဝက်ကနေ တစ်ခါ ပြန်တက်နေရတာကလည်း ကျက်သရေ မရှိဘူး။ ရီပိထ်ဒါ ဆိုတဲ့ အစုတ်အပြတ် စကားလုံးကြီးကလည်း ကျက်သရေ မရှိဘူး။ မြင်မြင်သမျှ ဘယ်အရာမှ ကျက်သရေ ရှိမနေဘူး။

Less Ice, More Sugar (Completed)Where stories live. Discover now