Ep - 05

224 40 11
                                    

မင်းက ငါ့ရဲ့ အိပ်မက်ကလေးနဲ့ တူတယ်။

ငါ ညတိုင်း အထပ်ထပ်အခါခါ မက်ချင်မိတဲ့ ငါ့ရဲ့ အလှဆုံး အိပ်မက်ကလေး။

စာအုပ် - လဲမကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

..................

လုယူသည်။
မနားဘဲ ပြေးသည်။
ပစ်ပေါက်ပေးလိုက်သည်။
သပ်ရပ်စွာ ခုန်ဖမ်းသည်။
အမောတကော ထပ်ပြေးသည်။
လက်ကို တန်းနေအောင် မြှောက်သည်။
လေပေါ် လွှင့်ပစ်သည်။
ဂိုးခြင်းထဲ ကျကျနန ပြုတ်ကျသည်။
အားကစားခန်းမ၏ မျက်နှာကျက်နံရံတစ်ခုလုံး ပေါက်မတတ် ထအော်ကြသော အားပေးသံများဖြင့် ရုတ်တရက် မြိုင်သွားသည်။

ဟုတ်ပါသည်။ ဆွန်းအာ အခု ရောက်နေတာ မေဂျာစုံဘတ်စကတ်ဘောပြိုင်ပွဲပါ။

လက်ရှိ ကစားနေသည့် အသင်းကတော့ သင်္ချာနှင့် ဓာတုဗေဒ။

ဘင်း၏ လက်သွယ်သွယ်တွေက စန္ဒရားခလုတ်များပေါ် ငြိမ့်ညောင်းစွာ ပြေးတက်ဖို့ကိုပဲ ဘုရားက တာဝန်ပေးထားတော့ ဒီနေ့ပြိုင်ပွဲမှာ ဘင်းဟာ ဆွန်းအာတို့နှင့်တူတူ ပွဲကြည့်ပရိသတ်တစ်ယောက်သက်သက်သာ ဖြစ်နေ၏။

အမှန်တော့ ဘင်းသာ ဘတ်စကတ်ဘောကစားလျှင် တကယ် ကြည့်ကောင်းမည်ဟု ဆွန်းအာ ယုံသည်။ ဘင်းဟာ ခြေတံတွေရော လက်တံတွေရော ရှည်ပြီး ခန္ဓာကိုယ်အချိုးအစားလည်း လှသည်။
ဘတ်စကတ်ဘောအသင်းထဲ ဝင်လိုက်သည်နှင့် တစ်ကျောင်းလုံးမှ မိန်းကလေးတွေ၏ စုပေါင်းအာရုံစိုက်ခြင်းကို ခံရတာ ထုံးစံမို့ ဘင်းသာ ဘတ်စကတ်ဘော ကစားသမားတစ်ယောက်အဖြစ် ခံယူလိုက်မည်ဆိုလျှင် ဘင်း၏ ချောမောတဲ့ အဲဒီရုပ်ရည်ကြောင့်တင် မိန်းကလေးအများစု တဖြုတ်ဖြုတ် အခြွေခံကြရမှာ မလွဲ။ ဒါပေမယ့် အခုတော့ ပွဲကြည့်ပရိသတ်ထိုင်ခုံ၌ ကျောက်ချနေသော ဘင်းဟာ ဆိုဒါထဲကို ဖရဲသီး စိမ်စားရင်းနှင့်သာ တစ်ယောက်တည်း အလုပ်တွေ များနေသည်။

" သူက ကစားတာ တော်တာပဲ။ အရပ် အဲ့လောက် မရှည်ဘဲနဲ့။ "

ဒါလ်လယ်က ဆွန်းအာနားထဲကို တိုးတိုးလေး လာကပ်ပြောပြီး ချီးကျူးနေတုန်းမှာပဲ ချီးကျူးခံရတာနှင့် တန်အောင် အဲဒီကစားသမားက ဂိုးခြင်းထဲ နောက်တစ်လုံး ထပ်ပစ်သွင်းလိုက်သည်။
ဒါလ်လယ် ချီးကျူးတာ နမ်ဝူကိုပါ။
နမ်ဝူရဲ့ကျောနံပါတ်က ၂၈။

Less Ice, More Sugar (Completed)Where stories live. Discover now