Ep - 33.2

171 30 9
                                    

အချစ်ကို ဖော်ကျူးတဲ့ နည်းလမ်းက တကယ်တော့ ရိုးစင်းပါတယ်။

တကူးတက ပုံဖော်မပြလည်း နှလုံးသားနဲ့ အမြဲ ခံစားနေနိုင်အောင် ပြုလုပ်ပေးတဲ့ အရာ။

ငါဟာ အချစ်ခံရဖို့ ထိုက်တန်တယ် လို့ လက်ခံလာအောင် ဖန်တီးပေးတဲ့ အပြုအမူတွေပါပဲ။

စာအုပ် - နာကျင်မှု တစ်ခု၊ နှစ်သိမ့်မှု နှစ်ခု
ရေးသူ - ဒုံဂရာမီ

..................

" ဗိုက်ဆာနေပြီလား။ ဘာစားချင်လဲ။ အိမ်မှာ ခုံးနဲ့ ပုစွန် ရှိတယ်။ စပါကတီ လုပ်ပေးရမလား။ "

အိမ်ထဲ ဝင်ဝင်ချင်း အပေါ်က ကုတ်အင်္ကျီပင် မချွတ်ရသေးဘဲ ဟာဒိုယွန်းဟာ မီးဖိုခန်းထဲ တန်းဝင်သွားကာ ရေခဲသေတ္တာကို ဆွဲဖွင့်သည်။

ဆေးရုံကအပြန် ကလေးတွေနှင့်ပါ တစ်ခါတည်း တန်းတွေ့ပြီး အိမ်ပြန်လာတာ ဖြစ်သည်။

ရေဆာသလို ရှိတာကြောင့် ရေကရားထဲမှ ရေငှဲ့သောက်ဖို့အတွက် ဂျွန်ပါ အတူ မီးဖိုခန်းထဲ လိုက်ဝင်လာရင်း၊ ထမင်းစားပွဲ ထိုင်ခုံပေါ် တစ်အောင့် ထိုင်ချအနားယူမိသည်။

" ဟင့်အင်း။ ငါ ခေါက်ဆွဲပြုတ်ပဲ စားချင်တယ်။ "

" ခေါက်ဆွဲပြုတ်လား။ "

ဖန်ခွက်တစ်ဝက်တိတိရောက်အောင် ရေ လောင်းချပြီးသောအခါ ဂျွန် လှုပ်ရှားမှုများအား ရပ်လိုက်သည်။ သိပ် မအေးသည့် ရေတစ်ငုံစာက လည်ချောင်းထဲ စီးဝင်လာသည်။ ဒိုယွန်းကတော့ ဂျွန့်ဘက်သို့ ပြူးကြောင်ကြောင် စိုက်ကြည့်နေလျက် ရှိသည်။

" ဆရာဝန်က စောစောကတင် ပြောလိုက်တယ်လေ။ အသင့်စားအစာတွေ မစားသင့်ဘူး ဆိုပြီး။ "

" စားလို့ရပါတယ်။ သူ့ဘာသာသူ အလကား လျှောက်ပြောနေတာ ဖြစ်မှာ။ "

ဂျွန့်ဘက်က အလျှော့ပေးမည့်ပုံ မပေါ်၍ ဖွင့်လက်စ နှုတ်ခမ်းနှစ်လွှာကို ဒိုယွန်းက ပြန်ပိတ်သွားသည်။ 'အလိုလိုက်သင့် မလိုက်သင့်' တစ်ခဏ ပဟေဋ္ဌိပွားသလို ငြိမ်နေပြီးမှ နံရံကပ်ကြောင်အိမ် အပေါ်တံခါးအား အသာ ဖွင့်ကြည့်သည်။

" ဂင်မ်ချီခေါက်ဆွဲ နှစ်ထုတ်တော့ ရှိတယ်။ "

Less Ice, More Sugar (Completed)Where stories live. Discover now