Ep - 17

206 34 9
                                    

နည်းနည်းလေး ငြီးငွေ့စ ပြုလာရင်တောင် အဆင်ပြေပါတယ်။

လက်လျှော့ချင်ရင်လည်း အဆင်ပြေသလို စိတ်ဓာတ်တွေ လဲပြိုခဲ့ရင်လည်း အဆင်ပြေပါတယ်။

ခွန်အားတွေ ပျောက်ရှသွားလည်း အဆင်ပြေပြီး ဆုံးဖြတ်ချက်တွေ တုံ့ဆိုင်းနေမိလည်း အဆင်ပြေပါသေးတယ်။

အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ
မင်းလည်း အဆင်ပြေသွားမှာပါ။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

.................

" အဲဒီတော့ ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ နှစ်ယောက်က ဖက်နေကြတာပေါ့။ ဒီအတိုင်း ဖက်နေရင်တောင် ဘာမှ မဖြစ်ပေမယ့် အစ်မ ဝင်လာလာချင်း လူချင်း ခွာပစ်လိုက်တာ။ အဲ့ဒါက ပိုထူးဆန်းတာလို့ ပြောချင်တာ မဟုတ်လား။ "

မျက်နှာကျ သွယ်လျအောင် ဖိနှိပ်ပေးသော ရွှေရောင် တလိမ့်တုံးလေးကို ပါးရိုးတွေပေါ်မှာ ပြေးလွှားနေစေရင်း ယူမင်က အသံပြုသည်။

တစ္ဆေမလေး ယူမင်နှင့် တွေ့ဆုံ စကားပြောဖို့ဆို ဆွန်းအာ အမြဲတမ်း ညအချိန် ရောက်လာဖို့အား စောင့်ဆိုင်းရစမြဲ ဖြစ်သည်​။
ဒီနေ့လည်း ရပ်ကွက်ထဲက ကျောက်လှေကားရှည်ကြီးပေါ်တွင် ယူမင်နှင့်အတူ ဘေးချင်းကပ်ရပ် ထိုင်နေဖြစ်သည်။ နမ်ဝူ့အကြောင်း ဖောက်သည်ချဖို့ဆိုလျှင် ယူမင်က လွဲလို့ မရှိ​။ ယူမင်ဟာ ဆွန်းအာဘဝမှာ ကြုံခဲ့ဖူးသမျှ လူတွေထဲ အကောင်းဆုံး နားထောင်သူတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်သည်။ ယူမင်သည်လည်း ဆွန်းအာကို ထိုကဲ့သို့ ထပ်တူ သတ်မှတ်ပေးထားကြောင်း သိရတော့ အံ့ဩဝမ်းသာ ဖြစ်ရသေးသည်။

" အစ်မ တွေ့သွားတော့ အဲဒီအစ်ကိုက အစ်မကို ဘာပြောလဲ။ "

ခါတိုင်းလိုပဲ ညကိုးနာရီရောက်သည်အထိ ကျောင်းယူနီဖောင်းဝမ်းဆက်ကို ယူမင် မချွတ်ရသေး။

ယူမင်၏ သိချင်စိတ်ပြင်းပျနေသည့် မျက်ဝန်းဝိုင်းဝိုင်းတွေက ဆွန်းအာအကြည့်များနှင့် ချိတ်တွယ်သွားချိန်မှာ ဒီနေ့မနက် ကျောင်းမှာ ပေါ်ပေါက်ခဲ့သော အဖြစ်အပျက်တို့ဆီ ဆွန်းအာ အာရုံတွေ တစ်ခေါက်ပြန် ကပ်တွယ်သွားသည်။

Less Ice, More Sugar (Completed)Where stories live. Discover now