Ep - 16

181 32 6
                                    

'ဘယ်လောက်အထိ ပျော်ရွှင်ချင်သလဲ' လို့ လူတွေက မေးတယ်။

'ငါ နာကျင်ခဲ့ရသမျှ အတိုင်းအတာလောက်' လို့ ပြန်ဖြေဖြစ်ခဲ့တယ်။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

.................

၂၀၁၇။
လွန်ခဲ့သည့် သုံးနှစ်ခန့်။

.................

" နမ်ဝူ။ အစ်မကို ဒါလေး တစ်ချက် ကူပေးပါဦး။ "

စင်ပေါ်မှာ ထားရှိရမည့် မိုက်ကရိုဖုန်းတန်းနှင့် အလှဆင်ပစ္စည်းဗုံးကို လက်နှစ်ဖက်စလုံးဖြင့် မနိုင်မနင်းသယ်ဆောင်ထားသော စီနီယာတန်းကျောင်းသူတစ်ဦးက အနောက်ကနေ သူ့ကို လှမ်းခေါ်သည်။ ထို့ကြောင့် ခန်းမကျယ်ကြီးထဲ တစ်ဝက်ခန့် စီရီပြီးသွားပြီ ဖြစ်သည့် ထိုင်ခုံတွေဆီကနေ အကြည့် တစ်အောင့် ဖြတ်ကာ ကျောနောက်ဖက်သို့ အာရုံ လှမ်းစိုက်ရသည်။

" ဟုတ်ကဲ့ အစ်မ​။ ကြည့်ဦး။ တစ်ယောက်တည်း သယ်လာရတာတွေ များလိုက်တာ။ "

ပြောပြောဆိုဆိုဖြင့် လေးလံသော အလှဆင်ပစ္စည်းဗုံးကို လက်နှစ်ဖက်ထဲ သူ လွှဲပြောင်းယူပေးလိုက်သည်။ "ကျောင်းအုပ်အသစ်မိတ်ဆက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ" စာတန်းပါသည့် ဗီနိုင်းလ်စ ခပ်ကြီးကြီးတစ်ခုကို စင်မြင့်ထက်က နံရံပေါ်မှာ ဒေါင်လိုက် ချိတ်တွယ်ရင်း ကျောင်းသားကျောင်းသူတစ်ချို့က အလုပ်များလျက် ရှိ၏။

" စီနီယာ ပါဝါ ပြပြီး နမ်ဝူ့ကို အရမ်း ခိုင်းစားနေတာ မဟုတ်ဘူးလား နင်။ "

ခပ်မြူးမြူးအသံတစ်သံက နံဘေးကနေ လွင့်ပျံလာသည်။

စက္ကူဗုံးကို စင်ပေါ်တွင် သွားထားပေးရန် ဟန်ပြင်နေနှင့်သော ခြေလှမ်းတွေဟာ ထိုအသံကြောင့် တုံ့ကုန်သည်။ သူ့အနားတွင် ရှိနေသည့် အစ်မကတော့ မရယ်ချင်ရယ်ချင်ဖြင့် တိုးဖျော့စွာ တစ်ချက် ရယ်သည်။

" ဘာမှ မခိုင်းရသေးပါဘူးနော် ချွဲဂျင်ဆောင်းရေ။ "

" နမ်ဝူ။ အစ်ကို့ကို ပေး။ "

သူ့လက်ထဲက စက္ကူဗုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် အစ်ကို ဂျင်ဆောင်းလက်ထဲ သိမ်းယူခြင်း ခံလိုက်ရသည်။ ဟိုအစ်မသည် ဘယ်သူ သယ်ပေးပေး ဘာကိစ္စမှ မရှိဘူး ဟူသော မျက်နှာထား။ အဲဒီအစ်မနှင့်အတူ အစ်ကိုဂျင်ဆောင်းက စင်မြင့်ရှိရာဘက်သို့ လျှောက်သွားနေချိန်မှာ သူကတော့ မတ်တပ်ရပ်လက်စနေရာမှာပဲ ထိုင်ခုံတစ်ချို့အား ဆက် နေရာချနေမိသည်။

Less Ice, More Sugar (Completed)Where stories live. Discover now