Ep - 09

220 40 11
                                    

လက်လွှတ်ရမယ့် အရာတွေကို စွဲစွဲလမ်းလမ်း ဖက်တွယ်ထားပြီး

သိမ်းဆည်းထားရမယ့် အရာတွေကိုတော့ ဟိုးအဝေးကြီးအထိ ပစ်ပစ်ခါခါ တွန်းပို့နေမိတဲ့ ည။

စာအုပ် - နူးနူးညံ့ညံ့
ရေးသူ - ဂျိုဆောင်းယုံး

...................

ညတုန်းက ဂျွန့် အသိစိတ်ဟာ ဝေဝေဝါးဝါးပါပဲ။

ကလပ်အောက်ထပ်မှ တရစပ် ထွက်လာသည့် သီချင်းတီးလုံးတွေက ဂျွန် ဘရန်ဒီ ထိုင်သောက်နေသော အပေါ်ထပ်ကြမ်းပြင်ကို တဒိန်းဒိန်း တုန်ခါနေစေတာအထိ မှတ်မိပေမယ့် ဘရန်ဒီ တစ်ခွက်ပြီးတစ်ခွက် ထိုင်သောက်ရင်း ကြာလာတော့ ဘာတွေ ဆက်ဖြစ်သလဲ သိပ်မသဲကွဲတော့။
ဆူဆူညံညံတွေတော့ ဖြစ်ကြသလိုလို။
ဂျွန့် ရည်းစားအသစ်ရဲ့ အော်ဆဲသံ။ အရက်ပုလင်းတွေကို ခွမ်းခနဲ ရိုက်ခွဲပစ်သံ​။ ပြီးတော့ ဂျွန့် လက်ကောက်ဝတ်ကို ဆွဲပြီး အပြင် ခေါ်ထုတ်လာသည့် ခွန်အားတစ်ခု။

ညက ဘယ်လောက်တောင် အလွန်အကျွံသောက်ထားမိသလဲ မသိ။ မနက် ကျောင်းကို ရောက်တဲ့အထိ ဂျွန် အန်ချင်နေတုန်း ဖြစ်သည်။
ကျောင်းအဆောင်ထဲတွင် ရှိသော သန့်စင်ခန်းဆီ သွားဖို့အထိပင် မစောင့်နိုင်တော့ဘူး ထင်လို့ အလှဆင်ထားသည့် ပန်းပင်ခြုံနွယ်တွေနား သွားပြီး မျက်နှာတစ်ခုလုံး ငုံ့ချလိုက်သည်။
သံကတ်ကြေးတစ်လက် ကိုင်ရင်း သစ်ရွက်တွေ ကိုက်ဖြတ်နေသော ကျောင်းစောင့်ဦးလေးကြီးကတော့ ဂျွန့်ကို ဘေးကနေ အထူးတဆန်း လှမ်းကြည့်၏။

" ဘာလုပ်နေတာလဲ။ ရော့။ "

ဘယ်ကရောက်လာမှန်းမသိသည့် အသံတစ်သံနှင့်အတူ စက္ကူအိတ် အသေး တစ်အိတ်ကပါ ဂျွန့်မျက်နှာနား ရောက်လာသည်။ အန်ချင်စိတ် ပျောက်သွားပြီး ဂျွန် လှည့်ကြည့်လိုက်သည်။

" ဘာလဲ။ ဟာဒိုယွန်း။ "

ဒိုယွန်း ပေးသော စက္ကူအိတ်ကို ဆွဲတွန်းလိုက်တော့ စက္ကူအိတ်က ဒိုယွန်းလက်ထဲကနေ ချော်ထွက်ပြီး မြေကြီးပေါ် ပြုတ်ကျသွားသည်။ ဒိုယွန်းကတော့ ချက်ချင်းပဲ ကုန်းကောက်သည်။
ကျောင်းစောင့် ဦးလေးကြီးဟာ ဂျွန်တို့ဘက်ကို စပ်စုမနေတော့ဘဲ သူ့အလုပ်သူ လုပ်ဖို့ အခြားတစ်ဖက်ကို လျှောက်သွားပြီ ဖြစ်သည်။

Less Ice, More Sugar (Completed)Where stories live. Discover now