Ep - 29

174 31 8
                                    

တမင် မပြောဘဲ နေနေခဲ့တာ။

တကယ်တော့
မင်း ဖြတ်ကျော်ခဲ့တဲ့ အချိန်တွေက
ငါ ဖြတ်ကျော်ခဲ့တဲ့ အချိန်တွေလောက်နီးပါး တန်ဖိုးရှိခဲ့တယ်။

မဟုတ်ဘူး။

တကယ်တော့

မင်းရဲ့ အရာအားလုံးက
ငါ့ဘဝတစ်ခုလုံးနီးပါးစာလောက် တန်ဖိုးရှိခဲ့တာ။

စာအုပ် - ငါနဲ့ တိုက်ဆိုင်တဲ့ အကြောင်းတွေ
ရေးသူ - ဟောဆန်းဝုခ်

................


" ဂျွန်။ "

မကြားရတာ တအား ကြာခဲ့ပြီဖြစ်သည့် ခေါ်သံက တံခါးခေါက်သံနှင့် အတူ ယှဉ်တွဲပြီး ဂျွန့်အသိစိတ်တစ်ချို့အား လှုပ်နှိုးလိုက်သည်။

ရေချိုးခန်းက လွဲလျှင် အခြားအခန်းဟူ၍ သီးသန့် မရှိသော ဤ တိုက်ခန်းကျဉ်းကျဉ်းလေးထဲ ဒီနေရာကပဲ ဧည့်ခန်း၊ ဒီနေရာကပဲ ထမင်းစားခန်း၊ ဒီနေရာကပဲ အိပ်ခန်းဖြစ်တာကြောင့် ဒီနေရာမှာသာ စောင်တစ်ထည် အောက်ကခင်းပြီး ဂျွန် တစ်အောင့် မှေးစက်နေမိတာ။

တံခါးခေါက်သံကြောင့် ဂျွန့်မျက်ဝန်းတွေ ပွင့်လာပြီး ထထိုင်မိသည်။

ကိုယ်အပူချိန်ငွေ့ငွေ့ကို နဖူးထက်ကနေ ဂျွန် ခံစားရသည်။ လည်ချောင်းတွေ ခြောက်နေသလို ဗိုက်လည်း ဆာသည်။ သို့သော် ဂျွန် ဘာပဲစားစား စားမဝင်တာ ခက်လွန်းသည်။

" ဂျွန်။ ငါ ဒိုယွန်းပါ။ နင် အထဲမှာ ရှိနေတယ် မဟုတ်လား။ ငါ့ကို ခဏလောက် တံခါး ဖွင့်ပေးပါလား။ "

ခင်းထားသည့် ဂွမ်းစောင်ပေါ်တွင် ဂျွန် မလှုပ်မယှက် ဆက်ထိုင်နေမိသည်။

ကလေးတွေကို ဖွင့်ပြောလိုက်ရ၍ ဂျွန် စိတ်တော့ အနည်းငယ် ပေါ့သွားသည်။

ဗိုက်ထဲတွင် ရှိနေသည့် အမှုန်အမွှားကို ဖျောက်ဖျက်ပြီးလျှင်လည်း ဂျွန် အများကြီး ပိုပြီး စိတ်သက်သာရာ ရသွားလောက်မည် ထင်သည်။

ဒီအကြောင်းတွေအကုန်လုံး ဒိုယွန်း မသိလိုက်ဘဲ ပြီးသွားခဲ့လျှင် ပိုကောင်းမည် ဆိုသော်လည်း အခုလို အိမ်တံခါးအဝမှာ ဒိုယွန်းအသံတွေ ငြိတွယ်လာတာက ဘာကြောင့်မှန်းမသိ ဂျွန့်ကို စိတ်မအေးစေ။
စောင်ပုံအတွင်းမှ ရုန်းထွက်ကာ တံခါးအဝနား ဂျွန် ကပ်လာမိသည်။

Less Ice, More Sugar (Completed)Where stories live. Discover now