Ep - 19

189 38 11
                                    

တိမ်ထူထပ်နေတဲ့ မှိုင်းတိုင်းတိုင်း ကောင်းကင်ကြီးကို နေအလင်းရောင်တွေက အသက်ပြန်သွင်းပေးလိုက်တဲ့အခိုက်အတန့်တိုင်းကို သဘောကျတယ်။

နောက်ကျိနေတဲ့ ရေတွေ တစ်ခေါက်ပြန် ကြည်လင်သွားတဲ့အခိုက်အတန့်တွေကိုလည်း သဘောကျတယ်။

မှောင်မိုက်နေခဲ့တဲ့ ငါ့ဘဝကြီးက မင်းကြောင့်နဲ့ အသစ်တစ်ဖန် တောက်ပလာခဲ့တာကိုတော့ သဘောအကျမိဆုံးပေါ့။

စာအုပ် - အားလုံး အဆင်ပြေသွားမှာ
ရေးသူ - ဂျိုဆောင်းယုံး

.................

နွေဥတု၏အပူဒဏ်ဟာ ကောင်းကင်ပေါ်က နေမင်းနှင့် အကွက်ကျကျ ဇာတ်တိုက်ထားရင်း မနက်ခင်းတစ်ခုလုံးအား လွတ်လမ်းမရှိအောင် တုပ်နှောင်ဖမ်းချုပ်ထားသည်။

တကယ်တော့ အခုအချိန်ကို မနက်ခင်း ဟု သုံးနှုန်းဖို့ရာ သိပ် တရားမဝင်တော့။ တရားဝင် နေ့လည်ခင်း ရောက်ဖို့ မိနစ် သုံးဆယ်ခန့်သာ လိုတော့သော အချိန်ဟု သုံးနှုန်းရလိမ့်မည် ထင်၏။

မကြာသေးခင်ကမှ ဒါလ်လယ်တို့တွေ ဒုတိယနှစ်ဝက်စာမေးပွဲ ဖြေဆိုပြီးသွားခဲ့ပြီ ဖြစ်သည်။
စာမေးပွဲအပြီး ဂျူလိုင်လနှင့် ဩဂုတ်လ နှစ်လတာ ပိတ်ရက်ရှည် ရထားတာမို့ ခရီးဝေးထွက်သူကထွက်၊ အလုပ်လုပ်သူကလုပ်ဖြင့် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ တက္ကသိုလ်နှင့် တစ်အောင့် ဝေးကွာခွင့်ရသွားကြသည်။

စာမေးပွဲ မဖြေခင်ကတည်းက ဘင်းသည် သူငယ်ချင်းတွေ အကုန်စုပြီး ဂန်ဝန်ဒို၊ ဖြောင်းချန်းဘက်ကို ညအိပ် ခရီး တစ်ခေါက်လောက် သွားဖို့ တအား စိတ်အားထက်သန်နေခဲ့တာ။ သူ အဓိက သွားချင်နေတာကတော့ "ဒယ်ဂွမ်လျောင်း" သိုးခြံ။

မြင့်မြင့်မားမား တောင်တန်းတွေ ကာရံထားတာမို့ အခုလို နွေရာသီမှာ အရောက်သွားလည်း ပူအိုက်သော ဒဏ်ကို မခံစားရဘဲ အေးစိမ့်မှုနှင့် စိမ်းလန်းမှုတွေပဲ လွှမ်းခြုံနေသည်ဟု ဆိုတာမို့ ဒါလ်လယ်လည်း ဒီခရီးစဉ်အတိုကလေးအတွက် မဆိုစလောက်တော့ ရင်ခုန်မိသည်။

ခရီးစဉ်ဟာ ဒီနေ့ ညနေတွင် စတင်မည်။ ဘင်းဟာ ဖြောင်းချန်းဒုံတွင် လုံးချင်းတိုက်တစ်ခုလုံး ငှားထားနှင့်ပြီးပြီမို့ ညနေစောင်း ဟိုကိုရောက်သွားလျှင် ဒါလ်လယ်တို့ ထို တိုက်မှာ ညအိပ်ကြမည်။ မနက်ရောက်လျှင်တော့ ဒယ်ဂွမ်လျောင်းကို သွားလည်မည်။ စိတ်ပါလျှင်ပါသလို တခြားနေရာတွေကိုလည်း လျှောက်လည်မည်ဟု စီစဉ်ထားသေးသည်။

Less Ice, More Sugar (Completed)Where stories live. Discover now