Ep - 07

211 38 27
                                    

မင်းက မျက်ဝန်းလှလှလေးတွေကို ပိုင်ထားတဲ့အတွက်

ငါ့ရဲ့ မနက်ဖြန်တွေကိုလည်း လှလှလေး မြင်ပေးနိုင်လောက်မှာ သေချာပါတယ်။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

................

စာဖတ်ခန်း၌ ဒါလ်လယ် တစ်နာရီကျော်လောက် အချိန် ဖြုန်းခဲ့ပြီး အိမ်ကိုတော့ ညနေ ခြောက်နာရီလွန်လွန်လေးတွင် ပြန်ရောက်၏။

အိမ်ထဲ မဝင်ခင် အပြင်မှာကတည်းက ရယ်သံတွေ စည်ပင်နေတာ ကြားတော့ အိမ်တံခါးကို တွန်းဖွင့်လိုက်ဖို့တောင် လက်တွေက အလိုလို ဆိုင်းငံ့သွားသည်။ အရဲစွန့်ပြီး အိမ်ထဲ ဝင်လာမိတဲ့အခါ ဒါလ်လယ် ထင်ခဲ့တဲ့အတိုင်းပဲ။
အစ်မ ရောက်နေသည်လေ။

" ဒါလ်လယ်။ ကျောင်းက ပြန်လာပြီလား။ မတွေ့တာကြာပြီ ငါ့ညီမလေး။ "

မိဘတွေနှင့် ဆိုဖာပေါ်တွင် စကားထိုင်ပြောနေသော အစ်မက ဒါလ်လယ့်ကို မြင်မြင်ချင်း ပြုံးပြုံးရယ်ရယ် လှမ်းနှုတ်ဆက်သည်။
အစ်မ၏ လက်ရှိပုံစံဟာ အိမ်ကထွက်သွားတုန်းကပုံစံနှင့် မိုးနှင့်မြေလို ကွာခြားနေပြီ။
ကြွေလို ဖြူတောက်နေသည့် နုနယ်နယ် အသားအရည်၊ အကန့်အသတ်ဖြင့် ထုတ်ဝေသော အဝတ်အစားနှင့် အိတ်တွေအကုန် အစ်မရဲ့ တည်ရှိမှု၊ ပိုင်ဆိုင်မှုများနှင့် ထပ်တူကျနေတာ။

အစ်မကို သွေးသားရင်းချာတစ်ယောက် ဟု ရင်းရင်းနှီးနှီး ခံစားမိဖို့ဟာ အခုနောက်ပိုင်း ဒါလ်လယ့်အတွက် ခက်ခဲလွန်းသည်။ အဲ့ဒါတွေကြောင့် အစ်မက ဒါလ်လယ်နှင့် ပိုပို ဝေးကွာသွားနေတာ ဖြစ်လိမ့်မည်။
အခုလည်း အိမ်က ဆိုဖာ၌ လာထိုင်နေသည့် အစ်မဟာ ဒါလ်လယ့် မျက်စိထဲတွင် ဒီအတိုင်း နာမည်ကြီး အနုပညာရှင်တစ်ယောက်သက်သက်အပြင် ပိုမနေတော့။

" အင်း။ အိမ်နေရင်းအင်္ကျီ လဲဝတ်လိုက်ဦးမယ်။ "

ဒါလ်လယ် အခန်းထဲ ဝင်လာခဲ့သည်။

အဖေနှင့် အမေသည် ခါတိုင်းလိုပဲ ဒါလ်လယ့်ကို တစ်ချက်တောင် လှည့်ပြီး ဂရုစိုက်မအား။ သူတို့ အချစ်ရဆုံး သမီးလေး၏ မျက်နှာကို ပီတိအပြည့်ဖြင့် ငေးရင်းမောရင်း နှလုံးသားထဲ အပျော်တွေ ဖြည့်တင်းနေကြတာလေ။

Less Ice, More Sugar (Completed)Where stories live. Discover now