Ep - 23

198 35 14
                                    

နောက်ဆုံးအထိ သူ ရောက်လာဖို့ကိုပဲ စောင့်စားနေခဲ့မိတာ။
ကိုယ်တိုင်ကဖြင့် အရင် တိုးကပ်သွားဖို့ကို စိတ်မကူးခဲ့ဘဲ။

နှလုံးသားရဲ့ လျှို့ဝှက်ချက်တွေကို ကွယ်ဝှက်ထားရင်းနဲ့သာ မအားလပ်နိုင်ခဲ့တာ။
ထုတ်ပြဖို့ကိုတော့ တစ်ခါတောင်မှ သတ္တိမရှိခဲ့ဘဲ။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

..................

" ဘင်း​။ ငါ ကျူရှင် သင်ဖို့ သွားလိုက်ဦးမယ်။ နည်းနည်း နောက်ကျမယ်။ မီတာခ တက်တာမို့လို့ ဧည့်ခန်းမီးကို အကြာကြီး မဖွင့်ထားနဲ့။ "

မွေ့ရာပေါ်မှာ ဘင်း ပက်လက်လဲနေတာမို့ အခန်းအပြင်က ဒါလ်လယ့်အော်သံအား တံခါးတစ်ချပ် ခြားရင်းသာ ကြားရသည်။
အားကစားဖိနပ်ကို ဖိနပ်စင်ပေါ်က ဆွဲယူသံ။ အဝင်ဝတံခါးဖွင့်သံ။ လော့ခ်ကျသွားသည့် တီခနဲအသံအဆုံး တံခါးပြန်ပိတ်သွားသံ။

ခေါင်းအုံးကို ခေါင်းအောက်ကနေ ဆွဲထုတ်ရင်း မျက်နှာတစ်ပြင်လုံး အုပ်သွားအောင် ဘင်း ဆွဲဖိမိသည်။ မနေ့က နေ့တစ်ဝက်လောက်ရော၊ ဒီနေ့တစ်နေကုန်လုံးရော သက်ပြင်းတွေချနေရလွန်းလို့ ရှိရင်းစွဲ အသက်ထက် ဆယ်နှစ်လောက် ပိုအိုစာသွားသော အသက် သုံးဆယ်ဦးလေးကြီးအရွယ်ပင် ဖြစ်နေသလား ထင်မှတ်ရသည်။

ခေါင်းအုံးဖိထားလို့ အသက်ရှူရကျပ်နေတာလည်း တစ်မျိုးကောင်းသည်။ အသက်ရှူမရတော့ မဟုတ်တာတွေ လျှောက်မတွေးဖြစ်။ တကယ် သေသွားမှာစိုးပြီး ခဏကြာတော့ ခေါင်းအုံးကို ဘေးဘက် အမြန်ပြန်ဖယ်မိသည်။ ခေါင်းအုံးဖယ်ပြီးပြီးချင်း ဟိုဆရာဝန်ကောင် မျက်နှာက အတွေးထဲ လွှမ်းမိုးလာသည်။ သက်ပြင်းတစ်ခါ ထပ်ချမိသည်။ သက်ပြင်းတစ်ခါ ချတိုင်းသာ အသက်တစ်နှစ် ကြီးရကြေးဆိုလျှင်တော့ ဘင်းဟာ အခု အသက် ၃၅ နှစ်လောက် ရှိနေလောက်ပါပြီ။

" မသိတော့ဘူးကွာ။ "

ချယ်လိုဖျော်ဖြေပွဲ သွားမကြည့်ပါနဲ့ဟာ ဟု စည်းကျော်ပြီး ဘင်း မပြောရဲ။ ဒါပေမယ့် မျက်စိထဲ ခိုးလိုးခုလု ဝင်ထိုင်နေသည့် အမှုန်တစ်ခုလိုမျိုး အဲဒီအရာကိုပဲ ဘင်း ခဏခဏ အာရုံသွားစိုက်မိနေသည်။
အချိန်က အခုမှ ညနေခြောက်နာရီပဲ ရှိသေးသည်။ ဂိုက် လိုက်သင်နေသော ဒါလ်လယ်ကတော့ စနေနေ့ညတွေမှာ ပုံမှန် ကိုးနာရီ၊ ဆယ်နာရီမှ ပြန်ရောက်လာတတ်သည်။ ဒီနေ့ နည်းနည်းနောက်ကျမည် ပြောသွားတာကြောင့် စာသင်ပြီးအပြန် တစ်နေရာရာ ထပ် ဝင်ဦးမှာလား ဆိုသည့် အတွေးကြောင့် ဘင်း ပူလောင်လာရသည်။

Less Ice, More Sugar (Completed)Donde viven las historias. Descúbrelo ahora