Ep - 12

195 41 7
                                    

ငါတို့တွေ အကုန်လုံးဟာ ငါတို့ကို စိတ်ဒဏ်ရာ ပေးတဲ့ တစ်စုံတစ်ယောက်ရဲ့ စကားလုံးတွေကိုပဲ အရိုးစွဲ မှတ်မိနေတတ်ပြီး

တစ်စုံတစ်ယောက်အတွက် စိတ်ဒဏ်ရာ ဖြစ်သွားစေခဲ့တဲ့ ငါတို့ရဲ့ ကိုယ်ပိုင်စကားလုံးတွေကိုတော့ မေ့ပျောက်နေလေ့ ရှိခဲ့ကြတယ်။

စာအုပ် - အဆင်ပြေပါတယ်
ရေးသူ - ဆောင်ရှင်းဂျယ်

.................

[ ဇာတ်လမ်းတစ်ပုဒ်လုံးအား ၂၀၂၀၊ ဒီဇင်ဘာလတွင် အပြီးသတ် ရေးခဲ့ပြီး ဖြစ်ပါသည်။ အပိုင်းများမှာ ယခုကာလတွင် ရေးသားထားသော အပိုင်းများ (လုံးဝ) မဟုတ်ပါကြောင်း။]

.................

စတီးထမင်းဗန်းနှစ်ချပ်ဟာ စားပွဲစွန်းကနေ ရည်ရွယ်ချက်ရှိရှိ ခြေချော်လဲကျတော့ ကြမ်းကျောက်ပြားတစ်ခုလုံးပေါ်တွင် နေ့လည်စာထမင်းများ ပျံ့ကြဲစွာ အလွှင့်ပစ်ခံလိုက်ရသည်။

ဆွန်းအာ ခဏလောက် ကြောင်အငြိမ်သက်နေမိသည်။
ဘာတွေဘယ်လိုဖြစ်နေမှန်းလည်း မသိ။

နမ်ဝူနှင့် အမြဲ တတွဲတွဲ လုပ်နေကျ သူငယ်ချင်းအဖွဲ့ထဲမှ ကောင်လေးက နမ်ဝူ့ရင်ဘတ် ကော်လာစကို ဆောင့်ဆွဲထားတာဟာ နောက်ပြောင်မှုလိုလို အတည်လိုလို။ ကန်တင်းတစ်လျှောက်လုံးက မျက်ဝန်းဝိုင်းဝိုင်းတွေဟာတော့ နမ်ဝူတို့နှစ်ယောက်ဆီ အစီအရီ ပျံ့ကြဲနေကြပြီ ဖြစ်သည်။

" ဟဲ့။ ဘင်း​။ နင် သူနဲ့ ခင်တယ် မဟုတ်ဘူးလား။ တစ်ခုခု သွားလုပ်ပါဦး။ တကယ်ကြီး ထိုးနေကြဦးမယ်။ "

စိတ်ပူမှုအလုံးစုံကို ဆွန်းအာ မကွယ်ဝှက်ထားတော့ဘဲ ဘင်းကို အကူအညီတောင်းမိသည်။ ဘင်းကတော့ အင်တင်တင်။

ဆွန်းအာ မြင်နေသလောက်တော့ ဒီကောင်လေးတွေက နမ်ဝူနှင့် တော်တော်လေး အဆင်တပြေ ရှိနေခဲ့တာပါ။
အခု ကော်လာစ ဆွဲထားသည့် ကောင်လေးနှင့်ဆို ဘတ်စကက်ဘော အသင်းချင်းလည်း တူသည်။ အအေးဆိုင်လာကြလျှင်လည်း အတူတူ။ ကန်တင်းထိုင်လျှင်လည်း အတူတူ။ တစ်ချိန်လုံး ရယ်ရယ်မောမောဖြင့် ခင်ခင်မင်မင် ရှိနေကြတာ။ အခုတော့ ဘယ်လိုကနေ ဘယ်လိုများ ရန်ထဖြစ်ကြပါလိမ့်။

Less Ice, More Sugar (Completed)Where stories live. Discover now