Ep - 34

137 30 9
                                    

နာကျင်မှုရဲ့ အတိုင်းအဆကို ၁ ကနေ ၁၀ အထိ သတ်မှတ်ထားပြီး

ဒီနေ့ မင်းက ၃ အထိ နာကျင်နေခဲ့မယ် ဆိုရင်

ငါက မင်းအတွက်

ခွန်အား ၃ ဆ ပြန်ပေးတဲ့သူတစ်ယောက် ဖြစ်နေပေးပါမယ်။

စာအုပ် - လဲမကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး


...............

ဒါလ်လယ် ဘယ်အချိန်မှာ စပြီး စိတ်ထဲ ထင့်မိသလဲ ဆိုလျှင် 'အိမ်ပြန်ရောက်ရောက်ချင်း မက်ဆေ့ချ် ပို့ထားလိုက်မည်' ဟု ဘင်း ရွတ်ဆိုခဲ့တာ သေချာပါလျက်နှင့် မနက် အိပ်ရာနိုးသည့်အခါ ဒါလ်လယ့်ဖုန်းမျက်နှာပြင်ဟာ ဘာမက်ဆေ့ချ်စာကြောင်းကိုမှ ထွေးပိုက်မပေးထားဘဲ အပြည့်အဝ ရှင်းလင်းနေသည်အား မြင်လိုက်ရသောအချိန်တွင် ဖြစ်သည်။

ဒါလ်လယ် ဖုန်းခေါ်ကြည့်မိတော့ အဲဒီအချိန်ကတည်းက ဘင်း ဖုန်းက ပိတ်ထားသည်ဟု လှမ်းအသိပေးခံရသည်။

တကယ်တော့ ဒါလ်လယ် မနေ့က လက်ဝတ်လက်စား အရောင်းဆိုင်မှာ စုံတွဲလက်စွပ်လေးတစ်စုံ သွားဝယ်ဖြစ်ခဲ့သေး၏။
ဘင်းကို အံ့ဩအောင် လုပ်ချင်၍ပါ။

ဂျွန့် လက်ထပ်ပွဲ ပြီးလျှင် ဒါလ်လယ်တို့ ဒိတ်လို့ကောင်းသည့် တစ်နေရာရာသို့ ဆက်သွားမည်။ အဲဒီနေရာမှာ ဒါလ်လယ် ကိုယ်တိုင် စုံတွဲလက်စွပ်လေးကို ဘင်း လက်သူကြွယ်ပေါ် ဝတ်ဆင်ပေးမည် ဆိုသော စိတ်ကူးနှင့် မနေ့က ဘင်းဆီ ဖုန်းမဆက်မိခင်အထိ ဒါလ်လယ် ပျော်နေခဲ့သေးသည်။

'၁၂၃၄' ဂဏန်းများနှင့် အဆုံးသတ်သည့် ဖုန်းနံပါတ်ကိုတော့ ဒါလ်လယ့်အတွေးထဲ ခပ်ဆိုးဆိုးမှတ်ဉာဏ်တစ်ခုအနေဖြင့် မှတ်မိနေခဲ့တာ ကြာပြီ။ အကြောင်းအရင်းကိုရော၊ ဆက်သွယ်နေသူကိုရော ဒါလ်လယ် ဘာမှ မသိပေမယ့်လို့လေ။
ဘင်းက ည ဆယ့်နှစ်နာရီခွဲကြီး အပြင်ရောက်နေသည်ဟု ဆိုကာ ထို ဖုန်းနံပါတ်ပိုင်ရှင်နှင့်ပါ တွေ့ဆုံမည်ဟု ပြောလာရာမှာတော့ ဒါလ်လယ် အံ့ဩမိသလို ထိတ်လည်း ထိတ်လန့်ရသည်။
ဖြစ်နိုင်လျှင် မတွေ့စေချင်။
ဘာကြောင့်မှန်းမသိပေမယ့် မတွေ့စေချင်။
ထိပ်တိုက် ဆုံတွေ့လိုက်လျှင် မကောင်းမကန်းကိစ္စ တစ်ခုခု ပေါ်ထွက်လာတော့မည်ဟု မသိစိတ်က အော်ဟစ်နေသကဲ့သို့ ဒါလ်လယ့်စိတ်တွေက စနိုးစနှောင့်။
ဒါလ်လယ့်အထင် ဒါလ်လယ် ည တစ်နာရီခွဲ နှစ်နာရီနီးပါးမှ အိပ်ပျော်သွားခဲ့သည် ဖြစ်မည်။ မှတ်မှတ်ရရ အဲဒီအချိန်ထိ "အိမ်ပြန်ရောက်ပြီ" ဟူသော ဘင်း၏ မက်ဆေ့ချ် ဝင်မလာသေး။ အဲဒီလိုကနေ ဒါလ်လယ် မှေးခနဲ အိပ်ပျော်သွားခဲ့သည်။
မနက် နိုးလာလျှင်တော့ ဘင်းဆီက မက်ဆေ့ချ် ဝင်နေလောက်မည်ဟုလည်း ယုံကြည်ထားဖြစ်ခဲ့သည်။

Less Ice, More Sugar (Completed)Where stories live. Discover now