Ep - 10

211 37 4
                                    

ပျော်ရွှင်နေမှ ဖြစ်မယ်။

မင်းအပြုံးတွေက ဒီ တစ်လောကလုံးမှာ အလှဆုံးမို့လို့။

စာအုပ် - အခိုက်အတန့်တိုင်းဟာ မင်းပဲ ဖြစ်ခဲ့တယ်
ရေးသူ - ဟာထယ်ဝန်


..................


" ရေး။ စာမေးပွဲ ပြီးပြီကွ။ "

တစ်သက်တာလုံးအတွက် လွတ်လပ်ရေး ရသွားသလိုမျိုး လက်နှစ်ဖက်ကို မိုးပေါ် ဖြောင့်နေအောင် ဆန့်တန်းရင်း ဘင်းက ရွှင်မြူးစွာ ထအော်သည်။
အမှန်တကယ်က ဒီ စာမေးပွဲဟာ ပထမနှစ်ဝက် ပြီးဆုံးကြောင်း ကြေညာသည့် စာမေးပွဲသက်သက်သာ ဖြစ်ပြီး ဆွန်းအာတို့ကို ပထမနှစ် ကျောင်းသားဘဝကနေတောင် ဝဋ်လုံးလုံး ကျွတ်ခွင့် ပေးသေးတာ မဟုတ်။ နောက်နှစ်ပတ်လောက်နေလျှင် ဒုတိယနှစ်ဝက်က ချက်ချင်း ပြန်တက်ရမှာလေ။

" ကျောင်း ခဏ ပိတ်တုန်း ငါတို့တွေ တစ်နေရာကို သွားလည်ကြမလား။ "

အဝါရောင် အရွက်ကြွေတွေပေါ် ခပ်ဖွဖွ နင်းခြေရင်း တက္ကသိုလ် ကားပါကင်အနီးကို ဆွန်းအာတို့ ရောက်လာသည်။ ဆွန်းအာရယ်၊ ဘင်းရယ်နှင့်အတူ ဘေးမှာ ဂျွန်ရော၊ ဒါလ်လယ်ပါ တူတူ ရှိနေ၏။

" တအား အဝေးကြီးတော့ မသွားဘူးကွာ။ နီးနီးနားနားပဲ သွားကြမယ်။ ဂျွန်လည်း လိုက်မယ်မလား။ "

ဖုန်းပြောနေသော ဂျွန့်ဘက်ကို လှည့်ငေးပြီး ဘင်းက မေးသည်။ ဘင်း မေးလိုက်ချိန်က ဂျွန် ဖုန်းချပြီးချိန်နှင့် ကွက်တိ ဖြစ်သွားသည်။

" တအား အဝေးကြီး မသွားဘူးဆို ကလပ် သွားကြမလား။ ငါ ဒကာခံမယ်။ "

မျက်လုံးနက်နက်ကလေးတွေ တဖျတ်ဖျတ် လက်လာရင်း ဂျွန်က ဆိုသည်။ ကလပ်အကြောင်း၊ အရက်အကြောင်း စကား စမိတာနှင့် ဂျွန်က အဲ့လို မြူးထူးသွားစမြဲ။
ဆွန်းအာရော ဒါလ်လယ်ပါ တိုက်မထားပါဘဲ ပြိုင်တူရယ်မိသည်။

ဒါလ်လယ်က မိန်းကလေးတစ်ယောက်အနေနှင့် ကြည့်ပျော်ရှူပျော် ရှိအောင် အရပ်ရှည်သည့်အထဲ ပါသည်။ သို့သော် ဒါလ်လယ်နှင့် ယှဉ်လျှင် ဂျွန့်အရပ်က တစ်လက်မ နှစ်လက်မခန့် ပို သာသွားသည်။
ဂျွန်ဟာ ခန္ဓာကိုယ်လည်း လှ။ မျက်နှာလေးလည်း လှ။ ပြစ်ချက်အနေနှင့် ပြောရလျှင်တော့ ဒေါသကြီးတာလေးတစ်ခုကို ထုတ်ပြရမည် ဆိုပေမယ့် စကားကို ပြတ်တိပြတ်တောင်း ပြောတတ်တဲ့ အဲဒီပုံစံလေးကိုက ဂျွန့်ရဲ့ ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေတာကြောင့် ဆွန်းအာကတော့ ဂျွန့်ကို ချစ်ဖို့ကောင်းသည်ဟု အမြဲ မြင်မိပါ၏။

Less Ice, More Sugar (Completed)Where stories live. Discover now