Ending - 3

298 31 19
                                    

လောကတွင် လူနှစ်မျိုးနှစ်စား ရှိသည်။

ပျော်ရွှင်နေသည့် လူနှင့် ဝမ်းနည်းနေသော လူ။

သေချာ တွက်ချက်ကြည့်လျှင် ဘဝ ဆိုတာ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို အချိုးကျကျ ရောစပ်ချက်ပြုတ်ထားသည့် ဟင်းလျာတစ်ခွက်ပါပဲ။

အချိုကြိုက်သော လူအတွက် ဘဝအရသာက သင့်တော်သည်ဟု ထင်မြင်နိုင်သော်လည်း အချိုမုန်းသည့် လူတစ်ချို့ကတော့ ဘဝအရသာအား မနှစ်မြို့စရာတစ်ခုအဖြစ် ပစ်ပစ်တင်တင် ဝေဖန်ကြမည်သာ ဖြစ်သည်။

ဆွန်းအာ သောက်နေကျ ဘာဘယ်လ်တီးကဲ့သို့ ဘဝဟာ အမြဲတမ်းတော့ ချိုမနေနိုင်။ ဘဝအရသာသည် တစ်ခါတစ်လေ၌ ချိုသလို တစ်ခါတစ်လေ၌ ခါးသည်။ သို့သော် ထိုသူ့ဘဝက ချိုပြီး မိမိဘဝကျတော့ ခါးသည် ဟု စောဒကတက်၍မရ။
အရသာဆိုသည်မှာ ခံစားသူ၏ လျှာဖျားနှင့်သာ သက်ဆိုင်သော အရာဖြစ်သည်။

ဘဝပြဿနာ၊ အချစ်ရေးပြဿနာ၊ မိသားစုပြဿနာ အမျိုးစုံ ကြုံခဲ့ရသော ဆွန်းအာတို့အားလုံးအတွက်တော့ ဒီနှစ်တွေဟာ အခက်ခဲဆုံး၊ အပင်ပန်းရဆုံး နှစ်တွေ ဖြစ်ခဲ့သည်။
မိဘက စွန့်ပစ်ခဲ့၍ မိဘကို ပြန်လည် စွန့်ပစ်ရာမှ ရလာတဲ့ နာကျင်မှု။ မပိုင်ဆိုင်နိုင်မှန်း သိလည်း အတင်းအကျပ် ဖက်တွယ်ထားရာမှ ရုပ်လုံးကြွလာတဲ့ ရှူံးနိမ့်မှု။ ဘဝဟာ အမြဲ အလွဲလွဲအချော်ချော် ဖြစ်နေခဲ့ပေမယ့် ကြုံဖူးသမျှ လွဲချော်မှုတွေအားလုံးထက် ပို အာဏာပြင်းတဲ့ လွဲချော်မှုကြီးတစ်ခုနှင့် တွေ့ဆုံမိရာမှ ပုံပေါ်လာသည့် ကြောက်ရွံ့မှု။ မကျူးလွန်မိသော အမှားတစ်ခုအတွက် နေ့စဉ်နေ့တိုင်း အပြစ်စိတ်နှင့် ရှင်သန်နေခဲ့ရသည့် ကံဆိုးမှု။

သို့ပေမယ့် ဘဝထဲ ဖြန့်ကျဲခံထားရသော နေ့ရက်နှင့် ခံစားမှုတွေဟာ ဘယ်တော့မှ ရေသေ မဟုတ်။
ဒီနေ့ ဝမ်းနည်းရသော်လည်း မနက်ဖြန်မနက်တွင် ပြန်လည် ပျော်ရွှင်လာရမည့် ဖြစ်နိုင်ချေက ရှိနေသေးသည်။ ထို့အတူ မနက်ဖြန် ပျော်ရွှင်လာရပေမယ့် နောက်တစ်နေ့၌ ထပ်မံ ဝမ်းနည်းလာရနိုင်တာကိုလည်း ဘယ်လိုမှ ငြင်းမရ။

အခြားသူဟာ အမြဲလိုလို ကောင်းချီး ပေးခံနေရပြီး မိမိကတော့ အဆုံးမရှိသည့် ဆူးနွံထဲသာ နစ်မြုပ်နေသည် ဟုတော့ ဘယ်တော့မှ အထွန့်မတက်သင့်။

Less Ice, More Sugar (Completed)Where stories live. Discover now