Ep - 02

330 46 11
                                    

မနေ့က မွေးဖွားခဲ့တဲ့ ဒဏ်ရာအနာတရတွေကို

မနက်ဖြန်ရဲ့ မနက်ခင်းက ပွတ်သတ်နှစ်သိမ့်ပေးဖို့။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

................

" ဟုတ်တယ် သူငယ်ချင်းရေ။ ဟောင်ကောင်မှာတောင် ဆုသွားယူရတာလေ။ တီဗီမှာ ကြည့်နေရင်း သူ့အဖေရော ကိုယ်ပါ မျက်ရည်တွေ တဖြိုင်ဖြိုင် ကျတာဆိုတာ​။ ဘယ်လောက်တောင် မွေးရကျိုးနပ်လိုက်သလဲ အဲ့ဒါကိုသာ ကြည့်ပါတော့ သူငယ်ချင်းရယ်။ အသက်ကလေးကဖြင့် နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်၊ မိဘကို ပြန်လုပ်ကျွေးနေပြီ။ ပြန်လုပ်ကျွေးရုံပဲလား။ မိဘနှစ်ယောက်စလုံးကို အသိုင်းအဝိုင်းကြားမှာ မျက်နှာပွင့်လန်းအောင်လည်း လုပ်ပေးသေးတာကွယ်။ "

အားကစားဖိနပ်ပေါ်မှ ငြိနေသော ကြိုးတွေကို ငုံ့ရှင်းရင်းက အိမ်အဝင်ဝ၌ ငါးမိနစ်ထက်ပိုပြီး ဒါလ်လယ် နေမိသွားတာ တကယ်တော့ အမှားပါ။

ကြိုးတွေ သေချာ ပြေသွားတဲ့အခါ ခြေအိတ်တစ်စုံကို ချွတ်ပြီး ဖိနပ်တစ်ဖက်စီထဲ ထိုးထည့်လိုက်သည်။ အမေကတော့ ဖိုးလမင်းလိုမျိုး ရွှင်လန်းနေသည့် မျက်နှာထားဝိုင်းဝိုင်းဖြင့် ဆိုဖာထက်၌ ကျောဆန့်ရင်း ဖုန်းတစ်လုံးအား နားနှင့် ကပ်ထားတုန်းလေ။

" အမေ။ သမီး ကျောင်းက ပြန်လာပြီ။ "

ဒါလ်လယ့် အသံတွေက အလကားနေရင်း တိုးတိမ်နေမိသည်။ ဂုဏ်ယူစရာ ကောင်းသော သိတတ်မှုတွေအကြောင်း ထုတ်ဖော်ရတာနှင့် မမောနိုင်မပန်းနိုင် ဖြစ်နေသည့် အမေဟာ ဒါလ်လယ့် အသံကို ကြားပုံ မရပါဘူး။

" အမေ။ "

နည်းနည်း ပိုပြီး ကျယ်ကျယ်လေး ခေါ်လိုက်တော့မှ အိမ်အဝင်ဝကို လှမ်းကြည့်သည်။ ဖုန်းပြောနေတာကိုတော့ မရပ်။ "အခန်းထဲ အမြန် ဝင်တော့" ဆိုသော ပုံစံဖြင့်သာ လက်တစ်ဖက်ကို ယက်ထုတ်ပြ၏။

" အင်း။ အိမ်ကိုလည်း တစ်လတစ်ခါလောက် ပုံမှန် ပြန်လာပါတယ်။ သူတို့က အခု သူတို့ အေဂျင်စီက ပေးထားတဲ့ အဆောင်အကောင်းစားကြီးမှာ စုနေနေရတာလေ။ ကလေးက အလုပ်များမှန်း နားလည်ပြီးသားဆိုတော့ နှစ်လ သုံးလလောက်နေမှ တစ်ခါလာလည်း ကိုယ်တွေက အပြစ်မတင်ပါဘူး သူငယ်ချင်းရယ်။ တစ်ခါတစ်ခါ လာလည်း သူက အဖေရော အမေရော သူ့ညီမအတွက်ရော ဆိုပြီး လက်ဆောင်တွေမှ အများကြီး ဝယ်ဝယ်လာတာ။ တကယ့် သမီး အလိမ္မာလေးပါ။ "

Less Ice, More Sugar (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ