Zawgyi
တရွေ့ရွေ့ကုန်ဆုံးသွားသောအချိန်တွေကြား ဇွဲမွန်သာပင် ဆယ်တန်းကျောင်းသားကြီးဖြစ်လာလေပြီ။ဆရာမ၏ ကူညီစောင့်ရှောက်မှုဖြင့် ဒီအခြေအနေအထိရောက်လာသည်ဆိုလည်းမမှားပေ။သူ အလယ်တန်းကျောင်းသားဘဝမှာ ဆရာမ အပြောင်းပါသွားခဲ့ပေမယ့် ယနေ့အထိ သူလိုအပ်သည်ကို အဝေးမှလှမ်းထောက်ပံ့နေဆဲ။
အမေ့ကျန်းမာရေးကလည်း ပိုမိုဆိုးသည်ထက်ဆိုးလာပြီး သူ့ကိုပင် တစ်ခါတရံ ဘယ်သူလဲဟု အမေးထုတ်တတ်သည်။အဖေ့ကိုတော့ လုံးဝမေ့သွားတာမဟုတ်သည့်တိုင် ကြောက်စရာလူတစ်ယောက်ကဲ့သို့ စိတ်ထဲစွဲနေပုံရ၏။ဒီတော့ ခြံကိစ္စလည်း သူ၊အိမ်ကိစ္စလည်းသူ၊အစအရာရာသူ့ခေါင်းပေါ်သာ။
"ဟိုကောင်လေး အိပ်တော့လေ။အချိန်မနည်းတော့ဘူး''
တရေးနိုးလာဟန်ရှိသော အမေက သူ့ကိုခေါင်းတစ်ချက်ထောင်ကြည့်ပြီး အိပ်ဖို့ဆော်သြလာလေသည်။
"စာခဏဖတ်ဦးမယ်။ပြန်အိပ် ပြန်အိပ် အမေ''
"အေးအေး''
သိပ်မကြာခင် အမေ့ဆီမှဟောက်သံကျယ်ကျယ်ပြန်လည်ထွက်ပေါ်လာလေသည်။အမေသောက်ရသည့်ဆေးတွေက အိပ်ဖို့အထောက်အကူပြုသတဲ့။သူကတော့ အိပ်၍မဖြစ်သေး။ကျောင်းတစ်ဖက်ခြံတစ်ဖက်အပြင် အမေ့ဗာဟီရပါအစ အကုန်လုပ်နေရသည်မို့ ကျောင်းစာကျက်ချိန်က ယခုလိုညဘက်မှသာအဆင်ပြေသည်။
ဆရာမပိုက်ဆံဖြင့် ကျောင်းတက်ရသည်မို့ ကျသွား၍မဖြစ်။ဒီနှစ်မအောင်လျှင်တော့ ပြန်တက်ဖို့လည်း အစီအစဉ်မရှိပေ။ခြံအလုပ်ကိုသာ ဖိစီးလုပ်ပြီး အမေ့ကို စောင့်ရှောက်တော့မည်၊ပြောသာပြောရပါသည်၊အောင်တော့ရော အမေ့ကိုထားပြီး တက္ကသိုလ်ဆိုတာကို သူတက်လို့ဖြစ်မတဲ့လား။
လေပူတစ်ချက်ကို ခပ်လေးလေးမှုတ်ထုတ်ပစ်လိုက်ပြီး ခေါင်းတစ်ခုလုံးဗြောင်းဆန်အောင် ခါထုတ်ပစ်လိုက်သည်၊တွေးနေလို့ကတော့ အဆုံးသတ်မည်မဟုတ်သော ကံမကောင်းခြင်းတွေပါလေ။
"စာကျက် စာကျက် ဇွဲမွန်သာရေ။ဆယ်တန်းလေးတော့ အောင်မှပေါ့..ဟူး..''
#
မကြားဝံ့မနာသာ ဆဲဆိုသံတွေကြောင့် အိပ်ရာမှ လူးလဲထလိုက်သည်။အဖေ အပြင်ဘယ်သူရှိမလဲ။မိုးတောင်မလင်းသေး အိမ်ရှေ့လာပြီး သောင်းကျန်းနေလေပြီ။အမေကတော့ ထရံပေါက်ကနေ တုန်တုန်ရီရီဖြင့် အဖေ့ကို ချောင်းကြည့်နေလေသည်။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...