19(Z & U)
1.4K 175 47
Zawgyi
မျက်စိရှေ့မှာ မြင်နေရသည့် အေးစက်စက်နွားနို့ခွက်က ယခုထိအရာမယွင်း။ထောပတ်သုတ်ထားသော ပေါင်မုန့်ကလည်း လျှာပေါ်ရောက်ကာမှ ခါးနေသလိုလို။ဒီလိုအချိန်မှာ နောင်သတိအရဆုံးကမေကြီးပင် ဖြစ်သည်။မေကြီးသာအနားမှာရှိနေလျှင် နောင်ကြိုက်တတ်သည့် စားစရာအချို့ကို စားချင့်စဖွယ်ဖြစ်အောင်ပြုလုပ်ပေးလိမ့်မည်။ခုတော့ ဒီနွားနို့နဲ့ပေါင်မုန့်ကို ကြိတ်မှိတ်မျိုချရုံသာရှိတော့၏။
ထမင်းစားချိန်ရောက်လျှင် ဈေးထဲပတ်မည်ဆိုသောအတွေးက ရက်ပတ်ပြည့်လို့လာပြသောလူနာများကြောင့် ကြက်ပျောက်ငှက်ပျောက်။တဂွီဂွီအော်နေသည့်ဗိုက်ကလည်း အရေးအလုပ်မခံရသည့်အခါ အလိုက်တသိပင် ငြိမ်သက်သွားလေသည်။လူနာကြည့်နေရင်း အပြင်ကိုလှမ်းကြည့်မိခိုက် ဖျက်ခနဲမြင်လိုက်မိသည်က ကောင်လေးတစ်ယောက်ကိုနောက်ကတင်လျက် ဆိုင်ကယ်မောင်းသွားသော ဇွဲ။လူနာကို ဆေးထိုးပေးပြီးသည်နှင့်လက်အိတ်မချွတ်ရသေးခင်ဖုန်းကိုအရင်ထုတ်လို့ ဇွဲဆိုသော အမည်နာမကို လက်ဖြင့်ထိလိုက်သည်။
". .....''
ဆိုင်ကယ်မောင်းနေသေးလို့များလား။တစ်ခါထပ်ခေါ်ပေမယ့်လည်း ဖြေကြားခြင်းမရှိတာမို့ duty coatထဲဖုန်းကိုပြန်ထည့်ပြီး နောက်လူနာဆီခြေလှမ်းပြင်လိုက်သည်။miss callမြင်ရင်တော့ပြန်ခေါ်နိုင်ကောင်းပါရဲ့။
.....................
ဆိုင်ကယ်မောင်းနေစဉ် တဒီးဒီးတုန်နေသောဖုန်းက ဇွဲကြည့်ကာမှ ငြိမ်သက်သွားလေသည်။နောင်ဆိုသော အမည်နာမပိုင်ရှင်က ဘာအကြောင်းရှိလို့ ဆက်ပါလိမ့်။ဖုန်းကိုင်ထားပြီး စောင့်နေပေမယ့် ဖုန်းကထပ်မဝင်တော့တာမို့ မှားဆက်မိပုံပါလေ။
"ဗိုက်ဆာနေပြီ ကိုဇွဲ''
"ဪ..အေးအေး၊သွားသွား မင်းကြိုက်တဲ့ဆိုင်ကို''
နာလန်ထစလည်းဖြစ်၊ထမင်းလည်းခုရက်ပိုင်းမှစပြီးစားတာမို့ ပါးစပ်ထဲ မချိုမချဉ်ဖြစ်နေပေလိမ့်မည်၊ဒါကြောင့်ပဲ ဟိုဟာမစားချင်၊ဒီဟာမစားချင်ဂျီကျပြီး ယခုတော့မြို့ဈေးထဲ ရောက်ရသည်ပေါ့။ငစိုး ခပ်တိုးတိုးပြောသလိုပင်၊ဇွဲကိုနိုင်သည့်လူက ခွန်းစစ်သာရှိသည်၊ခွန်းစစ် ဂျီကျလျှင် တစ်ခါမှနှစ်ခါ မနေနိုင်ဘဲလိုက်လျောရတော့၏။တကယ်ဆို ဒီနေ့က ခြံထဲကအသီးတွေချရတာရော၊ပစ္စည်းတွေပို့ရမှာကြောင့်ပါ ဇွဲအတော်ကိုအလုပ်ရှုပ်နေသည်။သို့သော်လည်း မလိုက်ပေးလို့မဖြစ်လေတော့ ငစိုးနဲ့လွှဲပြီးလိုက်လာရတော့တာပင်။