Zawgyi
"ဒေါက်တာလေး...ဒေါက်တာလေး..''
ညကြီးမင်းကြီး ခြံရှေ့ကနေ ခပ်အုပ်အုပ်အသံဖြင့် အော်ခေါ်နေသူကြောင့် အိပ်ရာထဲကနေ အလူးအလဲထလိုက်သည်၊မီးပိတ်မှအိပ်တတ်သည့်နောင့်အကျင့်ကြောင့် တစ်အိမ်လုံးကမှောင်မဲနေ၏။မီးခလုတ်ကိုအသည်းအသန်စမ်းဖွင့်ပြီးမှ အပြင်ကို ကတိုက်ကရိုက် ပြေးထွက်တော့ ခေါင်းစွပ်ဂျာကင်ကြီးနှင့် ငစိုးက ခြံရှေ့မှာမိုးတိုးမတ်တက်ရပ်လို့နေသည်။
"ဘယ်လိုဖြစ်လာတာလဲ..ငစိုး''
"ဆရာ..အဖျားတွေ အရမ်းတက်နေလို့''
နေ့လည်ကအထိ အကောင်းကြီးရှိနေသေးသူက ချက်ချင်းကြီးဘယ်လိုထဖြစ်ပါလိမ့်။ရေချိုးများမှားသလား။ဘာလုပ်မိသလဲဆိုတာတွေကို ဒေါင့်စေ့အောင်လျှောက်တွေးရင်း လူကလည်းဆေးအိတ်ကိုယူလို့ ငစိုးဆိုင်ကယ်နောက် အလျင်အမြန်လိုက်တက်ရသည်။ပုံမှန်ဆို နာရီဝက်လောက်မောင်းရသော နှုန်းထားက နောင့်ရဲ့တိုက်တွန်းမှူကြောင့် မိနစ်၂၀လောက်နှင့် ရောက်သွားလေသည်။အရင်လိုမှောင်မည်းမနေဘဲ လင်းထိန်နေသည့် ခြံဝန်းကြောင့် ခလုတ်ဘာညာမတိုက်ပေမယ့် အလျင်လိုနေလေတော့ ဇွဲအိပ်ခန်းဝအရောက် တန်းနှင့် နောင့်ခြေမ ခပ်ကြမ်းကြမ်းကို မိတ်ဆက်တော့၏။
တော်တော်လေးကို နာသွားပေမယ့် ငုံ့မကြည့်နိုင်၊လက်ရှိမှာအရေးကြီးသည်က ကုတင်ပေါ် ပက်လက်လှဲရင်း ကယောင်ကတမ်းတွေပြောနေသောဇွဲ သာဖြစ်သည်။နဖူးက အပူချိန်ကိုလက်ဖြင့်စမ်းသပ်ကြည့်တော့ အပြင်ကလာလို့အေးစက်နေသည့်နောင့်လက်ပင် ပူခနဲ။အဖျားတိုင်းသည့် Digital စက်လေးကလည်း ၁၀၄အထိ ပြနေလေသည်။ရေပတ်တင်ဖို့ ငစိုးကိုပြင်ဆင်ခိုင်းပြီး နောင်ကတော့ ဇွဲဘေးမှာ တင်ပလွဲဝင်ထိုင်ရင်းက သွေးပေါင်ချိန်ရသည်။ပုံမှန်ရှိသင့်သည့် နှုန်းထားထက် အနည်းငယ်သာလျော့နေသည့်သွေးပေါင်ချိန်ကြောင့် သိပ်ပြီး စိုးရိမ်စရာတော့မရှိ။
ငစိုးယူလာပေးသည့် ရေပတ်ဝတ်ကို ဇွဲနဖူးပေါ်တင်ပေးပြီး အနားမှာတွေ့သည့် ပုဝါတစ်ထည်ကိုတော့ ခန္ဓာကိုယ်တွေ ရေပတ်တိုက်ဖို့ရာ ရေဇလုံထဲ ဆွဲနှစ်ပစ်လိုက်သည်၊အင်္ကျီပွပွဝတ်ထားလို့သာ တော်တော့၏၊အင်္ကျီအောက်ကနေ လက်လျှိုပြီး ရင်ဘက်တွေကျောတွေချိုင်းကြားတွေကို ရေစိုဝတ်ဖြင့် သုတ်ဖယ်ပေးတော့ ဇွဲဆီမှထွက်ပေါ်လာသော ညည်းသံသဲ့သဲ့။
VOUS LISEZ
Roman d'amourမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...