Zawgyi
ဇွဲ အိပ်ရာနိုးနိုးချင်းမြင်လိုက်ရသည်က ကုတင်ဘေးထိုင်ခုံပေါ်ကနေ ကုတင်အစွန်းပေါ် ခေါင်းမှောက်ချလျက် ဇွဲလက်ကိုကိုင်ကာအိပ်ပျော်နေသော နောင်။နေ့လည်ကတည်းက ဇွဲအိပ်ပျော်သွားခဲ့ပြီး နောင်ကဒီအတိုင်း စောင့်ပေးနေခဲ့ပုံရသည်၊မှောင်နေပြီမှန်းသိသော်လည်း ညလား၊မနက်မိုးလင်းခါနီးလား ဇွဲမသိ။စားပွဲပေါ်မှောက်ရက်လေးတင်ထားသော နောင့်ဖုန်းကိုလှမ်းယူကာ အချိန်ကြည့်တော့မနက်၃နာရီထိုးလုလု။
"နောင်...ထ...ထ။ဒီပေါ်မှာလာအိပ်''
အင်းအဲနှင့် ညည်းတွားကာ ထလာပြီး ဇွဲဘေးမှာဝင်အိပ်လေသည်။ဇွဲလက်ကိုလည်း မပျက်မကွက်ပြန်လည်ဆုပ်ကိုင်ပေးပြီး..
"ပြန်အိပ်..ပြန်အိပ်ဇွဲ။ငါရှိတယ်နော် ဘယ်မှမသွားဘူးသိလား''
အိပ်ချင်မူးတူးဖြင့် မပီမသပြောနေသော နောင့်ကို ကြည့်ပြီး ဇွဲ ပြုံးမိသည်။ခဏအကြာမှာတော့အသက်ရှူသံခပ်တိုးတိုးနှင့်အတူ နောင် ပြန်၍ အိပ်ပျော်သွားတော့၏ ။မနေ့ကတစ်ညလုံးရောတစ်နေ့လုံးပါ အိပ်မရခဲ့ပေမယ့် နောင်ဘေးမှာရှိသည်ဆိုသောအသိက ဇွဲကိုအတော်ပင် လုံခြုံစေသည်။ဆံစလေးတွေဖြာကျနေသော နောင့်နဖူးထိပ်ကိုလက်ညိုးဖြင့် အသာလေးထိကိုင်လိုက်ပြီး..
"လူတိုင်းအပေါ် မေတ္တာမထားပါနဲ့နောင်ရယ်။မင်းမေတ္တာက သိပ်ပြီးဖြူစင်ပါတယ်။မင်း မေတ္တာကို စော်ကားပြီး မင်းကိုထိခိုက်အောင်လုပ်လာရင် ငါကခုလိုပဲ ဖြေရှင်းမိဦးမှာ''
ဖက်လုံးကြိုက်သည့်အမျိုးသားလေးကတော့ အနားမှာရှိနေသည့်လူသားဖက်လုံးလေးကို သူဖက်နေကျ မှို့ဖက်လုံးလေးအမှတ်ဖြင့် ခပ်တင်းတင်းကို တိုးဝှေ့ဖက်တွယ်နေတော့သည်။အဖက်ခံရသည့်အမျိုးသားလေးကလည်း ခပ်တည်တည်မှုန်ကုတ်နေရာကနေ တဖြည်းဖြည်းပြုံးလာပြီးနောက် တိုးဖက်လာသူလေး၏ ဆံစကိုအသာလေးသပ်ပေးနေလေတော့၏။
"ငါ့အတွက်..မင်းမရှိရင် မဖြစ်တော့ဘူးထင်တယ် နောင်''
ခပ်တိုးတိုးရေရွတ်ကာ ပြန်လည်အိပ်စက်သွားပြီမို့ သူ့ရင်ခွင်ထဲမှ ကောင်လေး၏ ပြန်ဖြေသံကိုတော့ ကြားနိုင်တော့မည်မဟုတ်ပေ။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...