Zawgyi
ခပ်ကျိတ်ကျိတ်ဖြစ်လာသော မိသားစုရန်ပွဲတစ်ခုက အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာဟန်ရှိ၏။ထိုရန်ပွဲ၏ အကျိုးရလဒ်အနေဖြင့် ဇွဲဆီဆို ချောင်းပေါက်မတတ်လာတတ်သော ခွန်းစစ်လည်း လုံးဝကို အလာကြဲသွားလေပြီ။ညအိပ်ညနေ လာဖို့ဆိုတာ ပိုလို့ပင်ဝေးပေါ့။မနေနိုင်သူဇွဲကတော့ ခေါင်သီးတွေရတိုင်း၊မြို့ဈေးကိုရောက်သည့်အခါ ခွန်းစစ်ကြိုက်တတ်တာတွေ့တိုင်း မမေ့မလျော့ ပို့ပေးရသည်။ခွန်းစစ်အတွက်တင်မဟုတ်၊ခွန်းစစ်တို့တစ်အိမ်လုံး၏ အကြိုက်ကိုပါ သိနေလေတော့ ခွန်းစစ်နှင့် ပတ်သက်ပြီး ဇွဲကိုတော့ဖြင့် မယုံသင်္ကာမဖြစ်။ဘယ်လိုအကြောင်း၊ဘယ်လိုအနေအထားဖြစ်ဖြစ်ပါ...ဇွဲ...ခွန်းစစ်ကို စောင့်ရှောက်ပေးနိုင်ဖို့သာ အရေးကြီးသည်။
"ခွန်း..ရန်ကုန်သွားတော့မယ်..ကိုဇွဲ''
ဒီစကား၏ အတိမ်အနက်ကို ဇွဲသေချာနားလည်ဖို့လိုသည်။ခဏတာလား..အပြီးလားလို့ အပြေးအလွှားဝေခွဲနေရင်း ခွန်းစစ်ရဲ့မျက်နှာကို အကဲခတ်ရသည်၊ခွန်းစစ်ရဲ့ မျက်နှာအနေအထားအရတော့ အလည်အပတ်ဟုတ်ဟန်မတူ။
"ဘာလုပ်ဖို့လဲ''
"ပြည်ပမှာ ဘွဲ့လွန်သွားတက်မလို့၊ဝင်ခွင့်ဖြေဖို့လည်း joinထားပြီးပြီ''
ရန်ကုန်ဆိုတာတောင် ဝေးနေပြီကို။ပြည်ပအထိဆိုတော့ ဘယ်လိုစိတ်နဲ့များ ထွက်သွားချင်ရတာလဲ။ဒီမှာနေရတာ ဒီလောက်တောင် အဆင်မပြေတော့ဘူးလား။
"ခွန်းစစ်..ကိုဇွဲကိုကြည့်စမ်း၊မင်း တစ်ယောက်တည်းမင်းဘယ်လိုသွားနေမှာလဲ။ဒီမှာပဲ နေပါကွာ၊မင်းဘွဲ့လည်းရပြီးနေပြီပဲကို။မင်းမိဘရဲ့ လုပ်ငန်းတွေမှာပဲ မင်းဦးစီးပေါ့ကွ''
"မဟုတ်တာ ကိုဇွဲရာ။နေရတာစိတ်ကျဉ်းကျပ်တာရော နောက်ပြီး ခွန်းမှခြံအလုပ်မလုပ်နိုင်ဘဲ။ဒီမှာဆက်နေလို့ကတော့ အဖေ့အပြောအဆိုက လွတ်မှာမဟုတ်ဘူး။နောက် နေ က ဆယ်တန်းရောက်လာပြီ။ခွန်း အတွက်ပါ ပိုပိုပြီးလုပ်ပေးနေရတာ ခွန်းအားနာတယ်''
ဒီဒေသမှာနေသူအများစုက ခြံလုပ်ငန်းသည် အဓိကဖြစ်သည်။တခြားသော စီးပွားရေးတွေလည်းရှိပေမယ့်လို့ ခွန်းစစ်တို့လိုခြံရှင်သူဌေးမိသားစုအတွက်တော့ သားသမီးက မိဘအမွေကိုဆက်ခံကြရမည်။ခွန်းစစ်ရဲ့အနေအထားကလည်း ငယ်ငယ်ကတည်းက ပျော့တီးပျော့ဖက်။အကြမ်းမခံနိုင်သည့်ကောင်လေးမို့ အရွယ်ရောက်လာလေ အပြောအဆိုခံရလေဖြစ်လာပုံပါ။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...