Unicode
ရှောင်ကျန့်က ယွဲ့မင်းကိုသွားရှာစဉ်က အမဲရောင်အရာကြီးကြီးတစ်ခုကိုမြင်လိုက်ရကာ ထိုအရာကြီးရဲ့ဆွဲခေါ်သွားခြင်းခံလိုက်ရပြီးနောက် ယခုပြန်နှိုးထလာသည်အထိ သူ့တွင်အသိမရှိခဲ့ပါ။ရှောင်ကျန့်က အချိန်အနည်းငယ်ကြာသည်အထိ သူမေ့လဲနေသော နေရာတွင်သာ ထိုင်နေမိခဲ့သည်။သူ့ခေါင်းရင်းတွင်ပြတင်းပေါက်တစ်ပေါက်ရှိနေပြီး အပြင်မှသစ်ပင်တွေကိုလှမ်းမြင်နေရကာ သစ်ရွက်များကြားမှ နေရောင်ခြည်တစ်ချို့ကလည်း အခန်းထဲသို့တစ်စောင်းရောက်ရှိလို့နေသည်။
သို့သော်လည်း ရှောင်ကျန့်က ထိုနေရောင်ခြည်ကိုလက်နဲ့ခံစားကြည့်ရာတွင် ထူးဆန်းစွာ နေရောင်၏အပူငွေ့ငွေ့ကိုပင်မခံစားရခဲ့ပါ။သို့ရာတွင် နေရောင်ခြည်က တစ်ကယ်ကိုလင်းထိန်နေကာ သူမတ်တပ်ရပ်ကြည့်ချိန်မှာတော့ အလင်းစူးလွန်းလို့ မျက်လုံးများပင်ပိတ်လိုက်ရပြီး လက်ဖဝါးများဖြင့်ကာလိုက်ရသည်အထိ။
သူခံစားမိသည်က နေရောင်ခြည်ကိုထိတွေ့နေရခြင်းမျိုးမဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့အားဓာတ်မီးဖြင့်ထိုးနေသလိုဆို ပိုမှန်လောက်မည်။မတ်တပ်ထရပ်၍ ပြတင်းပေါက်အပြင်ကိုကြည့်လိုက်သည့်အခါမှာတော့ ရှောင်ကျန့်က ပြတင်းပေါက်ဘောင်ပေါ်တင်ထားသည့်လက်နှစ်ဖက်လုံးကို ရုတ်တရက်မြောက်မိကာ အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။သူထင်တာ အနည်းငယ်လောက်ပြတင်းပေါက်ဘက်မှကမ္ဘာ့မြေဆွဲအားသာများသွားခဲ့ရင် ယခုအိမ်ကြီးပြုတ်ကျသွားမလားဟူ၍ပင်။
သို့သော် သူစိတ်အေးသွားရသည်က လေထဲမှအိမ်ကြီးသည် တစ်စက်လေးတော့ယိမ်းယိုင်လှုပ်ခါသွားခြင်းမျိုးမရှိတာကြောင့်ပင်။
"ဘယ်သူကများ လေထဲတိုက်အိမ်ဆောက်လို့မရဘူးဆိုတာကို ဆန့်ကျင်လိုက်တာပါလိမ့်.."
ရှောင်ကျန့်ဟာ အရဲစွန့်၍ ပြတင်းပေါက်ဘောင်အတွင်းမှ အပြင်သို့ခေါင်းကိုထွက်ကာ ခါးကိုင်းလျက် အိမ်အောက်၏အခြေအနေကိုကြည့်တော့မှ သူထင်ထားသလို လေထဲတိုက်အိမ်ဆောက်တာမဟုတ်ဘဲ သစ်ပင်ပေါ်တိုက်အိမ်ဆောက်ထားခြင်းမျိုးပင်။