Unicode
အုတ်ဖြင့်လုပ်ထားသော ငါးကန်လေးတွင် အလှဆင်ထားသော ကျောက်စရစ်ခဲလေးများဟာ အရောင်စုံအစီအရီရှိနေပြီး အရောင်မျိုးစုံဖြင့်ငါးကြင်များကလည်း အစိမ်းရောင်တောက်တောက်ငါးကန်လေးကို ပို၍အရောင်ထင်ဟပ်စေသည်။ရှောင်ကျန့်က ငါးကန်မှတိုးလာသော ငါး၆ကောင်လောက်ကို သေချာကြည့်ကာ မနေ့က ဟိုလူညစ်ပတ်အားပြောဆိုလိုက်နိုင်ခဲ့သည်များကိုပြန်တွေးရင် ကျေနပ်ပီတိဂွမ်းဆီထိနေမိ၏။
အဲ့လိုလူမျိုးက ရန်စကားနဲ့ပဲထိုက်တန်တာ။တစ်ဖက်လူရဲ့ခံစားချက်ကိုမသိနားမလည်ဘဲ အခကြေးငွေပေး၍နှိမ်ချင်သလိုလိုနဲ့ ပြောဆိုတတ်သူမျိုးကို သူအရမ်းအမြင်ကပ်၏။
"အာကျန့်ရေ..သား.."
"အဖေ..သားဒီမှာ.."
အိမ်အလည်တွင်ရှိသောပန်းခြံထဲမှနေ၍ လှမ်းမြင်နေရသော အဖေဖြစ်သူဟာ လျှောက်လမ်းတစ်လျှောက်သူ့ကိုအော်ခေါ်နေတာမို့ ရှောင်ကျန့်ကလက်ပါလှမ်းပြလိုက်၏။
"ရှောင်ကျန့်..သားပြောထားတဲ့ ပန်းပွင့်တစ်ရာကဗျာစာအုပ်လေ.. အခုထွက်နေပြီ"
"အဖေ့ကို ဘယ်သူပြောတာလဲ.."
ပညာရေးအမတ်ကြီးသည် ငါးကန်ထဲမှငါးများကို သူ့လက်ထဲတွင်ပါလာသော ပေါင်မုန့်အပိုင်းလေးထဲမှာတစ်ပိုင်းကိုဖဲ့ပြီးကျွေးလိုက်တော့ ရှောင်ကျန့်ကအော်၏။
"သားငါးတွေကိုပေါက်ကရတွေလျှောက်လျှောက်မကျွေးပါနဲ့ဆို..ငါးစာသီးသန့်လုပ်ပေးထားရက်နဲ့ စည်းကမ်းကိုမရှိဘူး.."
ရှောင်သခင်ကြီးသည် သူ့လက်ထဲမှလက်ကျန့်ပေါင်မုန့်ကိုကြည့်လိုက်မိ၏။သူပေါက်ကရတွေစားနေမိတာလား။
"အဖေ..အဖေ့ကိုဘယ်သူပြောတာလဲ သားမနေ့ကလေးတင်စာအုပ်ဆိုင်မှာပတ်ရှာပြီးပြီ ရှာမတွေ့ပါဘူးနော်.."
"ဘယ်သူမှမပြောဘူး..ဒီနေ့ ဘုရင်မင်းမြတ်က သူ့စာကြည့်ဆောင်ထဲမှာ အမတ်စာမေးပွဲနဲ့ပက်သက်ပြီး ငါ့ကိုသီးသန့်ခေါ်တွေ့တယ်..ဘုရင့်စာကြည့်ခုံပေါ်မှာ တွေ့ခဲ့တာ..အဲ့ ပန်းပွင့်တစ်ထောင်ကဗျာစာအုပ်ပဲ မမှားဘူး ယုံလိုက်.."
