Unicode
ဝူကျိအိမ်ပြန်ရောက်တော့ သူ့ခြေလှမ်းများက အာရန်ရှိသည့်ဝမ်ရိပေါ်တို့အိပ်ခန်းထဲကိုသာ ဦးတည်လို့နေပြီး သူ့အတွေးတွေကတော့ မျှော်လင့်ခြင်းနတ်သမီးပြောခဲ့သည့် တစ်အိုးတစ်အိမ်ဟူသည့်စကားလုံးများတွင်သာ လှည့်ပတ်နေ၏။သူအခု စဥ်းစားနေတာက အာရန်ကို ဘယ်လိုဘယ်ပုံ နှစ်ယောက်ထဲအတူတူနေရန် စည်းရုံးရမလဲဟူ၍ပင်။
အိပ်ခန်းရှေ့သူရောက်ရှိလာတော့ အိမ်မက်နတ်သမီးက ကလေးမလေးလို စောင့်ကြောင့် ထိုင်နေရာမှ ဟိတ်ကြီးဟန်ကြီးဖြင့် "အဟင်း..အဟမ်း.."လုပ်ကာ ထထွက်သွားသည်။
အခန်းတံခါးကို ဖွင့်တော့ အာရန်က ရှောင်သခင်လေးဘေးနားမှာ ခုံတစ်လုံးဖြင့်ထိုင်လို့နေ၏။
"အာရန်.."
အာရန်က သူ့အသံကြားသည်နှင့် ရှောင်ကျန့်ကိုကြည့်နေသော အကြည့်နူးနူးညံ့ညံ့များနဲ့ ကွဲပြားစွာ ရန်လိုသည့်အကြည့်မျိုးဖြင့်ကြည့်လာတော့သည်။သူ့အကြည့်များကြောင့် ဝူကျိရဲ့နှလုံးသားလေးဟာ နာကျင်သွားရသည်။
"ခင်ဗျား ဘာလာလုပ်တာလဲ..ထွက်သွား..!!"
ပါးစပ်မှပြောထွက်ပြီးသွားမှ အာရန်သတိရသွားတာသည် ဝူကျိက အခန်းထဲဝင်ရောက်လာခြင်းမျိုးမရှိဘဲ တံခါးအနည်းငယ်ဖွင့်၍ ခေါင်းလေးသာဝင်၍ ပြောနေခြင်းပေ။
ဝူကျိက သူ့ရဲ့လက်ထဲမှအစားအသောက်အထုပ်ကိုပြလိုက်၏။
"ကိုယ် ဝက်ကောက်ညှင်းထုပ်တွေယူလာခဲ့တယ်..ခေါက်ဆွဲနဲ့ ပေါက်စီနည်းနည်းလည်းပါသေးတယ်..ကိုယ်တို့......
အတူစားကြရအောင်နော်..""ခင်ဗျားက မစားလာဘူးလား.."
ဝူကျိက ခေါင်းခါ၏။
"ကိုယ် မင်းနဲ့ပဲအတူစားချင်လို့.."
ဝူကျိက ထိုစကားကို အသနားခံသာမျက်နှာနဲ့ပြောခြင်းမျိုးလည်းမဟုတ်သလို မာထန်နေသောမျက်နှာနဲ့ပြောခြင်းမျိုးလည်းမဟုတ်ပေ။သူတစ်ကယ်လည်း အိမ်မှချစ်ဇနီးနဲ့အတူစားမည်ဟုဆိုကာ ဘာမှမစားလာဘဲ အကုန်လုံးကိုထုပ်ပိုးလာခြင်းပဲမလား။ဒါကြောင့် သူ့စကားအသံနဲ့ မျက်နှာထားက သာမာန်သာဖြစ်၏။သို့သော်လည်း အာရန်ရဲ့မျက်နှာကြောကတော့ ချက်ချင်းပြေလျော့သွားကာ သူကဝူကျိကို အထဲသို့လာရန်လက်ဖြင့် လှမ်းခေါ်လိုက်ပြီး အထဲသို့ဝူကျိဝင်သွားသောအခါ ပြောင်းလဲသွားသော ဝူကျိရဲ့အသွင်အပြင်ကြောင့် မျက်လုံးမလွဲနိုင်ဘဲ စိုက်ကြည့်လို့နေသည်။
