မရောက်ဖြစ်တာ ၃နှစ်ကျော်ကြာသွားတဲ့ အခန်းက မပြောင်းမလဲ အရင်လိုပဲ ဖြစ်နေတယ်ဆိုတာ မေမေနဲ့ မရီးရဲ့ စီမံမှုတွေကြောင့်ပဲဆိုတာ အထူးတလည် တွေးကြည့်နေစရာမလိုပါဘူး။
နားထဲဝင်လာတဲ့ တယောသံ တိုးငြိမ့်ငြိမ့်ကြောင့် အသံလာရာကို နားစွင့်မိတော့ ကိုယ့်ဘေးအခန်းက ဖြစ်နေတယ်။မမမြတ်ရဲ့မောင်လေးပဲ ဖြစ်မယ်။ရှမ်းသွေးစပ်တဲ့ ကပြားရုပ်လေးမို့ မြင်တာနဲ့ကို ချောချောလှလှလေးမှန်း သိသာစေတဲ့ရုပ်ကလေးပဲ။ဆံပင်တွေကို အလယ်ခွဲဆန်ဆန်နဲ့ ပါးတွေမဖုံးတဖုံး ချထားတာတော့ မျက်နှာပေါ်ရှုပ်နေတာ မကြိုက်တဲ့ ကျနော့်အတွက် မြင်ရတာ နည်းနည်း ကသိကအောက် ဖြစ်စေတယ်။
သူ့ဆံပင်တွေကို လက်နဲ့သပ်ပြီး နားနောက်ညှပ်ပေးချင်စိတ်ကို မနည်းထိန်းထားရတယ်။
သူမို့ မျက်နှာမယားဘူးလား မသိ၊ကျနော်ဆို မျက်နှာပေါ်ဆံပင်ကျတာလည်း မကြိုက်လို့ အမြဲပြောင်ရှင်းနေအောင် ညှပ်ထားတတ်တာ။နားထဲတငြိမ့်ငြိမ့်ဝင်လာတဲ့ တယောသံက လက်ရာကောင်းမှန်း သိသာစေတယ်။
မမမြတ်ပြောပုံအရဆို သူ့မောင်လေးက လူကြောက်တတ်သလို၊ဘယ်သူနဲ့မှလည်း သိပ်မရောတတ်ဘူးတဲ့။ပန်းချီဆွဲ၊တယောထိုးရင်းသာ နေနေတတ်တာတဲ့။အခုတောင် မီးငယ်ပူဆာလို့၊မေမေတို့ကလည်း အတင်းခေါ်လို့ ဒီအိမ်ကို ဧည့်သည်လာလုပ်တာတဲ့။ဟိုကောင်တွေ ပြန်မရောက်မချင်း အခန်းအောင်းမယ့် ကျနော်တော့ နေ့တိုင်း တယောသံနားထောင်ရတော့မယ် ထင်တယ်။အဲ့ဒီနေ့ညက တယောသံနဲ့ အိပ်စက်ခဲ့ရလို့လားမသိ၊အိပ်ယာအပြောင်းအလဲမယ်တောင် အိပ်ရေးမပျက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး အိပ်မက်တွေပါမက်လို့ပဲ။
နောက်တစ်နေ့မနက်
မနက်စာစားဖို့ အခန်းထဲကအတွက် တိုက်တိုက်ဆိုင်ဆိုင် သူ့အခန်းထဲကထွက်လာတဲ့ ဟိုရေခဲတုံးလေးနဲ့ တွေ့တယ်။
ဘာပြောရမှန်းလည်း မသိတာကြောင့် တစ်ယောက်တစ်လဲပြုံးရင်းပဲ ခေါင်းငြိမ့်ပြရင်း အောက်ထပ်ဆင်းလာခဲ့ရတယ်။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။