သင်တန်းပြီးတဲ့အချိန် မမရဲ့ ဖုန်းခေါ်လို့ရပြီလားဆိုတဲ့ စာကြောင့် messengerကနေ ခေါ်လိုက်တော့ မီးငယ်ရဲ့"နှင်းတွေထဲနေချင်လို့၊ပါးငယ် လာခေါ်ပါ"ဆိုတဲ့ အသံကြောင့် ရယ်မိရတယ်။
ဟိုဟိုဒီဒီစကားတွေပြောရင်း ဘူတာဆီသွားဖို့ပြင်နေတုန်း ခြေထောက်ဆီက ပွပ်သပ်မှုတစ်ခုကြောင့် ကြည့်လိုက်တော့ လောလောလတ်လတ်ဖြစ်လာပုံရတဲ့ ရန်ပွဲထဲကနေ ထွက်လာပုံပေါ်တဲ့ ကိုရွှေကြောင်။
တညှောင်ညှောင်အော်ရင်း ခြေထောက်နားမှာ တိုးဝှေ့နေပုံအရ ပင်ပန်းပြီး ဗိုက်ဆာလာပုံရတယ်။မီးငယ်တို့ကို နှုတ်ဆက်၊ ကျောပိုးအိတ်ထဲက မုန့်ထုပ်ယူပြီး ကျွေးတော့ အာသာငမ်းငမ်းနဲ့ စားလေရဲ့။ဘေးမှာ အသာထိုင်၊ကျောကိုပွတ်ပေးရင်း "ငါ့နောက်လိုက်မလား"လို့ သူ့တိုင်းပြည်ရဲ့ ဘာသာစကားနဲ့ မေးတော့ နားလည်သလို မော့ကြည့်နေတဲ့ မျက်ဝန်းစူးစူးတွေ
ရေဘူးထဲကရေကို ထုတ်တိုက်ပြီး မတ်တပ်ပြန်ရပ်တော့ မော့ကြည့်နေတယ်။လက်နှစ်ဖက်နဲ့ အသာပွေ့တော့ ရင်ခွင်မှာ ခေါင်းမှီပြီး မှိန်းနေပြန်တယ်။စစ်သူကြီးတစ်ကောင် တိုက်ပွဲတွေကြား ပင်ပန်းလာပုံပါပဲ။သူတို့လို ဂျင်ဂျာကြောင်မျိုးတွေက ကြောင်မအရေအတွက်ထက် အထီးအရေအတွက်က ပိုများလို့လားပဲမသိ၊ကြောင်မတစ်ကောင်ကြည်ဖြူဖို့ အုပ်စုဖွဲ့ပြီး ဗိုလ်လုရင်း
စော်လိုက်တာ သူတို့အကျင့်ပဲ။
အခုလည်း ရာသီဥတုအေးအေးမှာ ဒဏ်ရာမျိုးစုံနဲ့ ဗိုလ်လုရင်း ရန်ပွဲတွေ နွှဲလာပုံပါပဲ။နားရွက်နောက်ဖက်၊ဂုတ်ပိုးနဲ့တင်ပါးတွေမှာလည်း သွေးစတွေနဲ့ ဒဏ်ရာတစ်ချို့။ထူထပ်လာတဲ့နှင်းကြောင့် ပိုကြုံ့သွားတဲ့ကိုယ်လေးက သနားစဖွယ်အတိ"ကောင်ဆိုးလေး၊ဒဏ်ရာတွေပျောက်အောင် ကုပေးမယ်၊ကြောင်ဝတုတ်လေးဖြစ်အောင် လုပ်ပေးမယ်၊ငါ့နားမှာနေနော်"ခေါင်းလေးကိုပွတ်ရင်း တိုးတိုးလေးပြောတော့ နားလည်သလို မျက်လုံးလေးလှန်ကြည့်တယ်။နှင်းတောထဲကနေဖြတ်ရင်း ဘူတာမရောက်ခင်က တိရစ္ဆာန်ဆေးဆိုင်မှာဝင်ပြီး အနာလိမ်းဖို့ဆေး၊ကြောင်စာတစ်ချို့နဲ့ရှန်ပူဝယ်လိုက်တယ်။လိုတာကတော့ နောက်မှဖြည်းဖြည်းချင်း စဥ်းစားတော့မယ်။
ရထားပေါ်မှာလည်း လူတွေကို ဂျစ်ကန်ကန်နဲ့လိုက်ကြည့်နေတဲ့ တစ်ကယ့်လူဆိုးကောင်လေးပါဗျာ။
ဘူတာကနေ ၁၀မိနစ်လောက် လမ်းလျှောက်ပြီး
အိမ်ကိုရောက်တော့ ကိုယံက မရှိနေတော့ဘူး။
ဖုန်းကစာဝင်သံတော့ ကြားတော့ လက်မအားလို့ ထုတ်မကြည့်ဖြစ်ပေမယ့် ကိုယံပို့ထားတာကိုတော့ သိလိုက်ပါတယ်။ကျနော်မရောက်သေးတဲ့အချိန်တွေ အလုပ်သွားရတဲ့ ကိုယံက မသွားခင် အမြဲစာပို့ထားနေကျမို့ ဒီအချိန်ဝင်တဲ့စာက ကိုယံ့ဆီကဆိုတာ အလိုလိုသိနေတာမျိုးပဲ။
ခြံတံခါးကိုဖွင့်ရင်း
"ဟေး ကောင်လေး၊ဒါက မင်းရဲ့နေရာအသစ်ပဲ
ငါတို့နဲ့အတူတူ အကြာကြီးနေပေးနော်"
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။