သားလေး အိမ်ကိုရောက်တာ ၁၀ရက်ရှိပြီ
သားမေမေက သားအနားမှာ တစ်ပါတ်ကြာနေပြီးတော့ မြန်မာပြည်ကိုပြန်သွားခဲ့တယ်။
သူက မကွေးဖက်က နယ်မြို့လေးတစ်ခုကပါဆိုတာကလွဲရင် အားလုံးကို အစအနဖျောက်သွားခဲ့တယ်။သားအတွက် သူကိုယ်တိုင်ထိုးပေးထားတဲ့ မာဖလာလေးကို သားလေးကြီးရင်လက်ဆောင်အဖြစ် ပေးလိုက်ပါဆိုပြီး ထားခဲ့လေတယ်။
ကျနော်တို့ကတော့ အချိန်မရွေးဆက်သွယ်ဖို့၊ကလေးဆီလာတွေ့ဖို့ အားနာစရာမလိုကြောင်းတွေကို တဖွဖွမှာလိုက်တာပေါ့။မွေးစက ငိုနေလို့ မမြင်ရတဲ့ ပါးချိုင့်ရေးရေးတစ်ဖက်က သား,ညာဖက်ပါးဖောင်းဖောင်းလေးပေါ်မှာ စွဲဆောင်မှုရှိစွာပဲပါလာလေရဲ့။
ပြင်သစ်သွေးနှောတဲ့ သားလေးက ကပြားပီသစွာပဲ မျက်ဝန်းပြာတွေ၊ရွှေအိုရောင်သန်းတဲ့ ဆံနွယ်တွေ၊ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်ရှည်ရှည်တွေ၊ပြီးတော့ စိမ်းညို့နေတဲ့ မျက်ခုံးတန်းတွေနဲ့ တစ်ကယ်ကို အပြစ်ဆိုစရာမရှိတဲ့ လူချောလေးပါ။
သွေးကြောပေါင်းများစွာနဲ့ သွေးရောင်လွှမ်းနေတဲ့ ပါးဖောင်းဖောင်းတွေကို ပိန်လိုက်ဖောင်းလိုက်နဲ့ နို့ဘူးကို စိတ်အားထက်သန်စွာ စို့နေတဲ့ သားကိုချစ်ရလွန်းလို့ ငိုတောင်ငိုချင်တယ်။ရင်ခွင်ထဲမှာ နို့ဘူးစို့နေတဲ့သားကို တစိမ့်စိမ့်ကြည့်လိုက်၊ပါးလေးတွေကို လက်နဲ့တို့လိုက်၊ခြေဖဝါးဖောင်းဖောင်း၊လက်ဖောင်းဖောင်းလေးတွေကို မထိရက်မတို့ရက်ဟန်နဲ့တို့လိုက်နဲ့ ငယ်တစ်ယောက်အလုပ်များနေတာ သား ဒီအိမ်ကိုရောက်တဲ့နေ့ထဲကပါပဲ။
သားမေမေနဲ့သား ဆေးရုံမှာနေတဲ့တစ်ပါတ်မှာ သားအမိနှစ်ယောက် စိတ်ကြိုက်ချစ်ကြပါစေ
ကျနော်က အမြဲတမ်းသွားနေရင် မဒီက အားနာစိတ်ဝင်ပြီး သားကို စိတ်လွတ်ကိုယ်လွတ်မချစ်ရဘဲ နေပါမယ်ဆိုပြီး ဆေးရုံကို ခဏတစ်ဖြုတ်ပဲလာတဲ့ ငယ်က သားမေမေ ပြန်သွားပြီးတည်းက
ကလေးကို လက်ပေါ်ကမချတမ်း ပွေ့ထားပြီး တစိမ့်စိမ့်ကြည့်နေတော့တာပါ။ မိုလီနဲ့လီယိုဆိုတာလည်း ဘေးကနေငုတ်တုတ်ထိုင်လို့ ငယ့်လက်ထဲကသားကို အထူးတဆန်းကြည့်ကြတာ။
ဝတ်မှုံနဲ့အယ်လ်ဆာဆိုတာလည်း အလုပ်ဆင်း၊ကျောင်းဆင်းရင် ရောက်လာကြပြီး သားဘေးမှာ ငုတ်တုတ်၊ကလေးကိုမြှူရင်းများ ကလေးက ရုတ်တရက်ပြုံးလိုက်လို့ ပါးချိုင့်ပေါ်သွားပြီဆို
တအီးအီး၊တအားအားတွေ အော်နေကြပြန်ရော။
ချီချင်ပွေ့ချင်သူများလှတဲ့သားက ကျနော့်လက်ထဲရောက်ဖို့ကို တော်တော်စောင့်ရပါတယ်။

YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။