ရက်သတ္တပါတ်တစ်ချို့ကို ဖြတ်သန်းပြီးနောက်
တစ်နေ့တစ်ခြား ပိုပျော်ရွှင်၊ပိုသွက်လာတဲ့ ငယ့်ကိုမြင်ရတာ သိပ်ကျေနပ်ဖို့ကောင်းတယ်။
ဒါက ကျနော်နဲ့အတူနေရတာကို ငယ်ပျော်နေတယ်ဆိုတဲ့ သင်္ကေတတွေပဲမဟုတ်လား။
အမှန်တိုင်းပြောရရင် တာဝန်သိစိတ်၊တာဝန်ယူလိုစိတ်ဆိုတာတွေနဲ့ စခဲ့တဲ့ ဒီခရီးမှာ အနည်းနဲ့အများတော့ အဖုအထစ်တွေရှိမှာ၊စိတ်မပျော်ရွှင်ရတာတွေရှိမှာကို စိုးရိမ်မိတဲ့အခါတွေလည်း ရှိခဲ့ပါတယ်။ထိုစိုးရိမ်စိတ်တွေဟာ အပိုပူပန်မှုသပ်သပ်တွေပါဆိုတာတော့ ငယ်က သက်သေပါပဲ။ဒီနေ့က ခရစ္စမတ်မရောက်ခင် ၂ရက်အလို၊တစ်နည်းအားဖြင့် ကျနော့်မွေးနေ့မရောက်ခင် နှစ်ရက်အလိုပေါ့။ငယ်တစ်ယောက်ကတော့ လွန်ခဲ့တဲ့အပါတ်တွေထဲက မုန့်လုပ်နည်းvideoတွေကြည့်ပြီး ခရစ္စမတ်ကွတ်ကီးလုပ်ဖို့ အလုပ်တွေရှုပ်နေခဲ့တာပဲ။ပိတ်ရက်ပေါင်းစုံနဲ့ ကျောင်းပိတ်နေလေတော့ တစ်ယောက်တည်းကို အလုပ်ရှုပ်နေတော့တာပဲ။ကျနော်ကတော့ ဆေးရုံသွားမြဲသွားနေရဆဲမို့ ငယ့်လောက်တော့ အိမ်မကပ်နိုင်ဘူး။
အခုလည်း ပိတ်ရက်ကို မနက်၇နာရီတည်းက အိပ်ရာထသွားလေရဲ့။ဒီခရစ္စမတ်အမှီ ကွတ်ကီးလုပ်တတ်ဖို့နဲ့ ကျနော့်အတွက် မွေးနေ့ကိတ်လုပ်ဖို့ကိုပါ ကျိတ်ကြံနေတာ ကျနော်သိပါတယ်။ကျနော့်သူငယ်ချင်းတွေနဲ့ အဘိုးအဘွားအများစုရှိတဲ့ဂေဟာကို သွားပြီးတည်းက ငယ်က အဲ့ကအဘိုးအဘွားတွေနဲ့ရော ကလေးလေးတွေနဲ့ပါ ခင်လာခဲ့တာ။တစ်ချို့ဆန်းဒေးတွေမှာ မုန့်တွေ၊ပစ္စည်းတွေဝယ်ပြီးပဲ အဲ့ကို သွားနေတော့တာလေ။ဒီမှာက အသက်ကြီးလာရင်လည်း သူ့ထောက်ပံ့ကြေးနဲ့သူ၊စာရင်းသွင်းပြီး နေစရာပါရတာမျိုးရှိပေမယ့် အဲ့လိုရဖို့မပြည့်စုံတဲ့ တစ်ချိူ့အဘိုးအဘွားတွေအတွက် ဂေဟာလိုမျိုးလုပ်ထားတာပါ။ပြီးတော့ တစ်ချို့စွန့်ပစ်ခံကလေးတွေလည်း ရှိပေမယ့် မိဘမဲ့ဂေဟာလို အများကြီးလက်ခံတာမျိုးမဟုတ်ပါဘူး။
လူတစ်ယောက်က ဘယ်လောက်စိတ်ထားမွန်မြတ်လည်းဆိုတာ ကလေးတွေ၊မသန်မစွမ်းတွေ၊သက်ကြီးရွယ်အိုတွေ၊တိရစ္ဆာန်လေးတွေကို ပြုမူတာကြည့်ပြီး သိမြင်နိုင်တယ်ဆိုကြတယ်။
ဂေဟာမှာ အဘိုးအဘွားတွေရဲ့ သန့်ရှင်းရေးကအစ စိတ်ရှည်ရှည်လုပ်ပေး၊ကလေးတွေဆိုးသမျှကို အပြုံးမပျက်သည်းခံပေးတဲ့ ငယ့်ကိုမြင်ရတာ ပီတိဖြစ်ပြီး ဂုဏ်ယူမဆုံးဖြစ်ရတယ်။ငယ်က သိပ်စိတ်ထားနှူးညံ့ပြီး သဘောထားပြည့်ဝတဲ့ကောင်လေး။သူ ကလေးဆန်တဲ့အချိန်ဆိုလို့ ကျနော့်အနားကပ်ပြီး အချွဲတုံးလုပ်တဲ့အချိန်ပဲရှိမယ်။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။