"မောင်လေးရယ်၊မီးမီးကလည်း သူ့လေးငယ်ကိုပဲ မျှော်နေရှာတာပါ၊မေမေရော၊အငယ့်ယောက်ဖကပါ စိတ်လိုလက်ရ လာစေချင်နေတာ။သူစိမ်းတွေလည်း မဟုတ်ကြတာကို လာခဲ့ပါနော်။အနေခက်စရာလည်း မရှိပါဘူး အငယ်ရယ် နော်"
လေလှိုင်းကတဆင့် ဝင်လာတဲ့ အသံတွေက စိတ်ရှုပ်ရခြင်း၊အားနာရခြင်းတွေကို ဆက်တိုက်ဖြစ်ပေါ်စေတယ်။
ခပ်အေးအေးပဲ နေတတ်ပြီး၊ပေါင်းသင်းဆက်ဆံရေး မပြေပြစ်လှတဲ့ကိုယ့်ကို သားအရင်းလိုရော၊ညီအရင်းလိုရော ဂရုတစိုက်ရှိပေးကြတဲ့ မမရဲ့ ယောက္ခမမိဘနှစ်ပါးနဲ့ ယောက်ဖတော်ကိုလည်း အားနာရတယ်၊ပြီးတော့ ချစ်စဖွယ်စကားတွေကို တီတီတာတာဆိုတတ်တဲ့ တစ်ဦးတည်းသော တူမတော်လေးကိုလည်း လွမ်းရပါတယ်။
အခုလည်း တူမလေးရဲ့ နွေရာသီအားလပ်ရက်တွေမှာ ပန်းချီနဲ့စန္ဒရားကို လေးငယ်နဲ့သင်ချင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ကြီးမှာနေတဲ့ ကျနော့်ကို ရန်ကုန်အရောက်ခေါ်နေကြတာပါ။
ကလေးကို သင်ပေးရတာ ကျနော့်အတွက် ဘာမှအပမ်းမကြီးပေမယ့်၊သူတို့အိမ်မှာပဲ အတင်းနေခိုင်းမှာရယ်၊တော်တော်နဲ့ ပြန်မလွှတ်ဘဲ ဆွဲထားမှာတွေရယ်ကြောင့် အဖြေမပေးနိုင်ဘဲ တွေဝေနေရတာပါ။တမင်တကာ မာနကြီးတာမျိုး မဟုတ်ပေမယ့် စိတ်ထဲရှိလည်း ထုတ်မပြောတတ်၊လူကြီးတွေနဲ့လည်း လိုက်လျောညီထွေဖြစ်အောင် မပြောတတ်တဲ့ ကိုယ့်အဖြစ်ကိုသိလို့ အားနာစိတ်တွေနဲ့ တွေဝေနေရတာဆို ပိုမှန်ပါလိမ့်မယ်။
ပါပါးတို့မာမားတို့ ဆုံးပြီးတည်းက သူတို့နဲ့အတူ လာနေဖို့ခေါ်နေတာ ခုချိန်ထိဆို ၃နှစ်လောက်ရှိရောပေါ့။အေးစက်စက်မျက်နှာနဲ့ ကျနော့ကို သားလေး၊သားလေးနဲ့ ချစ်ပေးနေကြတဲ့ မမရဲ့ ယောက္ခမတွေကိုလည်း အံ့သြရပါတယ်။ဘာပဲဖြစ်ဖြစ် ငြင်းလာတာလည်း ကြာပြီဆိုတော့ ဒီတစ်ခေါက်တော့ ငြင်းနေလို့ မကောင်းတော့ဘူး ထင်ပါတယ်။လူကြီးတွေကလည်း ခေါ်သလို၊ကိုယ့်တူမကလည်း နေ့တိုင်းကို မျှော်နေတာ၊ကြားထဲက မမကိုလည်း အားနာစရာကောင်းနေပြီမို့ ကျနော်မငြင်းဘဲ ရန်ကုန်ကို လာခဲ့မယ်လို့ပဲ ကတိပေးရပါတော့တယ်။
ဖုန်းထဲက မမအသံကတော့ ဝမ်းသာလွန်းလို့ ထခုန်တော့မလိုပါပဲ၊အင်းပေါ့လေ မောင်နှမနှစ်ယောက်တွေ့ရတာလည်း သူတို့တွေ တောင်ကြီးကို အလည်လာတဲ့ မနှစ်ကနွေရာသီက နောက်ဆုံးပဲကို။
သူတို့မှ တကူးတကမလာရင် မတွေ့ရတဲ့အထိဆိုတော့ တွေးကြည့်ရင် ကျနော်လည်း လူမှုရေးမသိ၊ဆွေမျိုးမသိတဲ့ လူရိုင်းလေး ဖြစ်နေတော့မှာပဲ။
နောက်ဆုံးတော့ တောင်ကြီးအိမ်ကို ခြံစောင့်အဘတို့လင်မယားနဲ့ထား၊လက်စွဲတော် တယောရယ်၊ပန်းချီဆေးဘူးတွေ၊စုတ်တံတွေရယ်ကို သေချာစီထည့်ပြီး အဝတအစားအိတ်ပြင်၊ရန်ကုန်ဆင်းဖို့ လုပ်ရတော့တာပါပဲ။
လူကြီးတွေအကြိုက် ခေါပုတ်၊တို့ဟူးခြောက်၊ဝက်သားချဥ်ထုပ်တွေ မဝယ်ဘဲ သွားရလောက်အောင်တော့ ကျနော်အသိညဏ်မမဲ့သေးဘူး ပြောရမှာပါပဲ။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။