ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုတွေ လွှမ်းခြုံထားတဲ့ ကျနော်တို့နှစ်ယောက်ရဲ့ နေ့စဥ်ဘဝက ရိုးရှင်းပါတယ်။ကိုယ်စီအလုပ်သွားမယ်၊ပြန်လာရင် ဟိုဟိုဒီဒီပြောရင်း ညစာချက်တယ်၊စားတယ်
ငယ် ပန်းချီဆွဲနေရင် ကျနော်က ဆေးစာအုပ်ဖတ်ရင်း စောင့်ပေးတယ်။ပိတ်ရက်တွေမှာ လီယို့ကိုခေါ်ရင်း နှင်းတွေထဲဆော့မယ်၊ဒါမှမဟုတ် စျေးဝယ်ထွက်မယ်၊အင်္ကျီဆိုင်၊ဖိနပ်ဆိုင်တွေထဲ အခေါက်ခေါက်အခါခါ ငယ်,ဝင်တဲ့အခါ ကျနော်က ပူညံပူညံပြောမယ်၊ငယ်က စိတ်ကောက်မယ်
ကျနော်ကပဲ အလျှော့ပေးရင်း ငယ့်သဘောလုပ်တဲ့အခါ ခြံပိုင်ရှင်ရှမ်းသူဌေးပေါက်စက ဝယ်ချင်ရာတွေဝယ်မယ်။တနင်္ဂနွေဆို အားလုံးနားရက်တိုက်ရင် အိမ်မှာလူစုပြီး မုန့်စားတယ်၊အရက်အပြင်းတွေမသောက်ဘဲ ဘီယာသောက်ကြရင်း
အချိန်ကုန်ကြသလို၊တစ်ချိူ့အပါတ်တွေမှာ ဂေဟာကိုသွားပြီး ကျန်းမာရေးစစ်ပေး၊သန့်ရှင်းရေးကူညီပေးရင်း အချိန်ကုန်ကြတယ်။
ရင်းနှီးနေပြီဖြစ်တဲ့ မဝတ်မှုံလည်း လိုက်လာလေ့ရှိတယ်။ကျနော်တို့နှစ်ယောက်အကြောင်း နားလည်သွားပုံရတဲ့ ထိုအမျိုးသမီးလေးဟာ ဘယ်အရာကိုမှ ရှေ့ဆက်မတိုးဘဲ မိတ်ဆွေအဆင့်မှာတင် အခင်အမင်မပျက် နေနေခဲ့တယ်။ငယ့်ကိုဝတ်မှုံနဲ့အတူတွဲမြင်ရတာ သဝန်မတိုဘူးလားလို့ မေးကောင်းမေးနိုင်ပါတယ်။ကျနော်က အရာအားလုံးထက်ငယ့်ကို ယုံကြည်ပါတယ်။ပြီးတော့ ရှေ့ဆက်မတိုးဘဲ ရပ်တန့်ပေးတဲ့ ထိုအမျိုးသမီးလေးရဲ့ သိက္ခာကိုလည်း လေးစားမှုပေးထားတယ် ပြောရမှာပေါ့။ကျနော်တို့တွေမှာ တစ်ခြားသူတစ်ဦးကို ချစ်ခွင့်ရှိကြတာပဲလေ။
ကံမကောင်းတဲ့အခါ ကိုယ်ချစ်မိသူမှာ ချစ်ရသူရှိနေတာမျိုးပေါ့။အဲ့ဒီအခါ ကိုယ့်စိတ်၊ကိုယ့်နှလုံးသားကို ဦးနှောက်၊ကိုယ်ကျင့်သိက္ခာတို့နဲ့ ချုပ်တည်းနိုင်တဲ့အခါ သူများဇာတ်လမ်းမှာ ဗီလိန်မဖြစ်တော့တာပေါ့။မဝတ်မှုံက အဲ့လိုချုပ်တည်းနိုင်တဲ့ အမျိုးသမီးလေးမို့ ကျနော်တို့က သူ့ကို respectအပြည့်ထားပေးရမယ်လေ။
ရေမြေခြားမှာ တွေ့ရတဲ့ ကိုယ့်လူမျိုးပဲမို့ ကျနော် သူ့ကို ညီမလေးတစ်ယောက်လို သဘောထားပြီး စောင့်ရှောက်ပေးချင်စိတ်ရှိပါတယ်။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။