ဒီတစ်ခေါက်ရတဲ့ခွင့်၁လကို အိမ်ပြန်ဖို့အတွက် အသုံးချလိုက်ရတာက မြန်မာပြည်မှာ အဖေတို့အမေတို့ ရှိသေးတယ်ဆိုတာ သတိရသေးရဲ့လားဆိုတဲ့ မေမေ့ရဲ့ စကားနာထိုးမှုကြောင့်ပဲလို့ ဆိုရမှာပဲ။
အိမ်မပြန်ဖြစ်တာ ၃နှစ်ရှိပြီမို့ ပြန်ဖို့ပြင်တော့လည်း စိတ်လှုပ်ရှားရတာပဲ။ခြေထောက်ဗွေပါတဲ့ ကျနော်က ဆေးကျောင်းသားဘဝတည်းက အိမ်ကပ်ခဲ့တာ မဟုတ်။သူငယ်ချင်းတွေနဲ့ချိန်းပြီး ခရီးပေါင်းစုံထွက်ရုံမကဘူး အင်္ဂလန်ထိပါ ကျောင်းတက်၊အလုပ်လုပ်ရင်း ခြေဆန့်လိုက်တော့ အိမ်ကလူကြီးတွေလည်း ဘာမှမပြောနိုင်ဘဲ ထိုင်ကြည့်နေခဲ့ရတာပေါ့။
မိဘတွေအတွက်က အစ်ကိုကြီးတစ်ယောက်လုံးရှိသလို၊သမီးအရင်းလိုချစ်ရတဲ့ ချွေးမ,မမမြတ်ပန်းရော၊အသည်းကျော်မြေးမလေး အလင်္ကာရော ရှိနေတာကြောင့် ဘာတာဝန်မှယူစရာမလိုတဲ့ ကျနော်က အပူအပင်ကင်းကင်းနဲ့ နေချင်သလိုနေနိုင်ခဲ့တယ်ပဲ ဆိုရမှာပဲ။
အရင်နှစ်တွေက အားလပ်ရက်ရှည်တွေဆိုလည်း ဥရောပနိုင်ငံတွေဖက် ခရီးထွက်ရင်း၊campတွေသွားရင်းပဲ အချိန်ကုန်နေခဲ့တာဆိုတော့ သားတစ်ယောက်အနေနဲ့ ကိုယ့်မိဘကိုတွေ့ဖို့ ဒီနှစ်တော့ အိမ်ပြန်သင့်တယ်ပဲ ကိုယ့်ကိုယ်ကို ဆုံးမထားရတယ်။
ပြောရရင် မိသားစုအပေါ် တာဝန်မကျေတာတွေကလည်း အများသားပဲ။တစ်ယောက်တည်းရှိတဲ့ အစ်ကို မင်္ဂလာဆောင်တဲ့နှစ်က အင်္ဂလန်ကို စရောက်တဲ့အချိန်ဖြစ်သလို၊စာမေးပွဲအတွက် လုံးပန်းနေရလို့ မင်္ဂလာပွဲတောင် မပြန်နိုင်ခဲ့ဘူး။
အားနာရပေမယ့် အစ်ကိုနဲ့မရီးရဲ့ ခွင့်လွှတ်နားလည်ပေးမှုတွေကြောင့် စိတ်သက်သာရာရခဲ့ရတာလေ။တူမလေးမွေးတုန်းကလည်း vcနဲ့သာ အားပေးနိုင်ခဲ့ပြီး သူတို့ ဒီကိုအလည်လာမှပဲ တွေ့ရတော့တာပဲ။
ဘာဖြစ်ဖြစ် အစ်မကြီးသဖွယ် နားလည်ပေးတဲ့ မရီးစကားအရ၊သူ့မောင်လေးကိုယ်တိုင်က ကျနော့်လိုလူမို့လို့ သူနားလည်ပေးနိုင်တာပါလို့တော့ ပြောတာပါပဲ။ပြောရရင် နှစ်ဖက်မိသားစုတွေကသာ ဆွေမျိုးအရင်းတွေလို နေကြတာ ကျနော်နဲ့ မရီးရဲ့ညီဆိုတာက တစ်ခါလေးတောင် မတွေ့ဖူးဘူး။
ကျနော့်ယုံကြည်မှုအရဆိုရင်တော့ ရေစက်ဆိုတာကြောင့်ပဲနေမယ်။
လူတွေက ရေစက်ပါရင် ပုန်းနေရင်တောင် တွေ့ရတတ်သလို၊ရေစက်မပါရင်လည်း ဘယ်လောက်ကြိုးစားကြိုးစား မတွေ့ကြရဘူးလေ။
ရေစက်ပါတယ်ဆိုတာမှာတောင် ကောင်းတဲ့တွေ့ဆုံခြင်း၊မကောင်းတဲ့တွေ့ဆုံခြင်းဆိုတာတွေက ထပ်ရှိသေးတာမျိုးလေ။
တစ်ချို့ဆို ရှေးရေစက်ကြောင့်တော့ တွေ့ကြဆုံကြပါရဲ့၊မကောင်းတဲ့ဆုတောင်းတွေကြောင့်လားတော့ မသိ၊အမြဲ ပူလောင်နေရတာတွေ၊ရန်သူသဖွယ်ဖြစ်နေကြတာတွေလည်း ရှိကြတာမျိုးကိုး။
ကျနော်ကတော့ ဘယ်လိုလူနဲ့တွေ့တွေ့ ကောင်းသောရေစက်၊ကောင်းသောတွေ့ဆုံခြင်းကြောင့်သာ တွေ့ဆုံခင်မင်ခွင့်ရပါစေလို့ ဆုတောင်းခဲ့တာ ဟိုးငယ်ငယ်တည်းကပဲ။
ဒါကြောင့်လည်း သူငယ်ချင်းတွေကအစ၊မရီးအပါအဝင် မိသားစုတွေအကုန် ကောင်းတဲ့လူတွေနဲ့ပဲ တွေ့ခွင့်ရခဲ့တာထင်ပါရဲ့။
အခုထိ မသိရသေးတာတော့ တစ်ချိန်မှာကြုံလာရမယ့် အိမ်ထောင်ဖက်နဲ့ရော ဘယ်လိုရေစက်မျိုး ရှိနေမလဲဆိုတာပဲ။
ပြောမယ့်သာပြောတာပါ၊အမှန်တိုင်းပြောရရင် ကျနော်က တစ်ယောက်တည်း ရွက်လွှင့်ချင်တဲ့လူမျိုး၊မိသားစုတစ်ခုတည်ဆောက်ဖို့ဆိုတာ အရမ်းကြီးတဲ့ တာဝန်လို့ သတ်မှတ်ထားတာ။
ဖေဖေတို့မေမေတို့အတွက်က တီတီတာတာမြေးလေးတွေ မွေးပေးမယ့် အစ်ကိုတို့ ဇနီးမောင်နှံရှိနေပြီဆိုတော့ ကျနော့်တာဝန်ရယ်လို့ မရှိတော့တာလည်း ကံကောင်းတာပဲ ဆိုရမယ်။
အတွေးမျိုးစုံနဲ့ ပစ္စည်းတွေထည့်ရင်း ဖုန်းလာလို့ ကြည့်လိုက်တော့ မပြန်ခင် ဘားမှာ တစ်ဝိုင်းထောင်ဖို့ ပြောထားတဲ့ Liamနဲ့ အပေါင်းအပါတစ်စု။
ဒုတိယအိမ်လိုဖြစ်နေတဲ့ ဒီနေရာမှာ အချိန်ပိုင်းလုပ်တုန်းက တွေ့ခဲ့တဲ့ ဘော်ဒါတွေရော၊ကျောင်းကဘော်ဒါတွေရော၊လက်ရှိဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေရောမို့ တစ်လတစ်ခါလောက်က အကြောင်းအမျိုးမျိုးနဲ့ သောက်ကြစားကြရတာပဲ။
အခုလည်း မပြန်ခင်တစ်ဝိုင်းထောင်ကြဖို့ ပြင်နေကြပြန်ပြီ။ဒါမျိုးဆို ကျနော်ကလည်း ရှယ်တာဝန်ကျေတာ၊နှစ်ခါ မငြင်းဘူး။
ကျနော်ထင်ပါတယ်၊မြန်မာပြည်ပြန်ရောက်ရင်လည်း ငယ်သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ အချိန်ကုန်ရဦးမှာပါပဲ။အိမ်က မေမေရဲ့ နဂါးမျက်စောင်းတွေကိုတော့ နည်းနည်းလက်ခံရဦးမှာပေါ့။
အဲ့နေ့ညက မူးအောင်သောက်ပြီး အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းလဲ ကျနော်မသိတော့ပါဘူး။နောက်ရက်ညနေလေယာဥ်အမှီ ခွေးလိုနွားလို ကြုံးထရင်း လေယာဥ်ပေါ်ကျွမ်းစိုက်ရင်း ပြည်တော်ပြန်ခရီးစဥ် စခဲ့ရပါတယ်။
ကျနော့်ပြသနာက ဘီယာတစ်ခွက်ဝင်ပြီးရင် ကြွက်တွင်းလို မရပ်မနားထပ်သောက်တတ်တာရယ်၊အသိစိတ်ပျောက်တတ်တာရယ်ပါ။အဆိုးဆုံးကတော့ ဝီစကီတွေ၊အရက်ပြင်းပြင်းတွေပါ သောက်မိရင် ကိုယ့်ကိုယ်ကိုတင်မက တစ်လောကလုံးကို မေ့ပြီး ဆိုးချင်တိုင်းဆိုးတတ်တာပဲ။ဒါကြောင့်လည်း ကျနော်က ဘီယာပဲအဝသောက်ပြီး အရက်ပြင်းပြင်းတွေဆို မသောက်မိအောင် အမြဲသတိထားရတယ်လေ။
မွေးရပ်မြေ၊ပထမအိမ်ဖြစ်တဲ့ ရန်ကုန်ကို ကျနော် အလည်ပြန်လာခဲ့တယ်။
ကြိုမသိနိုင်တဲ့ ကံကြမ္မာက ကျနော့်ကို လက်ဆောင်အထုပ်အထည်လိုက် ပေးလိုက်မယ်မှန်း ကျနော်မသိခဲ့ဘူး။
ကျနော်တို့ဘဝတွေမှာ မျှော်လင့်မထားတာတွေက ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာတတ်တယ်ဆိုတာ ခင်များ လက်မခံချင်လည်း လက်ခံရမယ့် အရာပဲ။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။