ဒီနေ့ဟာ သောကြာနေ့
Shoppingသရဲ'ငယ်'ကတော့ အတန်းဖျက်ပြီး စျေးဝယ်ဖို့အတွက် တက်ကြွနေပါတယ်။
ဒီ၂ရက်၊၃ရက်အတွင်းမှာကိုပဲ ကောင်းကောင်းနေ၊ကောင်းကောင်းစားရတဲ့ လီယိုတစ်ကောင်ကလည်း တော်တော်ကို ကြောင်ရောင်ပြောင်လာပြီ ဆိုရမယ်။ရုပ်တည်ကြီးနဲ့ နှစ်ယောက်သွားလေရာ တကောက်ကောက်လိုက်တတ်သေးတာ။
ကျနော် ဆေးရုံသွားပြီး ငယ်မရောက်သေးတဲ့ အချိန်ဆိုလည်း ပြတင်းပေါက်ဘောင်ပေါ်ထိုင်ရင်း စောင့်နေတတ်သေးတာ။
ခြံစည်ရိုးနိမ့်နိမ့်နဲ့ ပြတင်းတံခါးတွေဖွင့်ထားလည်း စိတ်ချလက်ချထားလို့ရတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုရှိနေတာကလည်း လီယို့ကို အထဲမှာ ပိတ်လှောင်ပြီး စိတ်မချစွာထားခဲ့စရာမလိုတဲ့ ကောင်းတဲ့အချက်ပဲဗျ။
၂ယောက်စလုံးမရှိတဲ့အချိန်မှာ ထွက်သွားပြီး ပြန်မလာမှာမျိုးကို ငယ်က စိုးရိမ်စိတ်ရှိခဲ့ပေမယ့်
သူမနေချင်လို့ သွားချင်ရင်လည်း သွားခွင့်ပေးရမှာပေါ့၊သူ့မှာလည်း ရွေးချယ်ခွင့်ရှိပါတယ်လို့ လေသံတိုးတိုးလေးနဲ့ ဆိုသေးတာ။ဒါပေမယ့် ကျနော်တို့၃ဦးရဲ့ ရေစက်တွေက မှန်ကန်ခဲ့ပုံပါပဲ
"ပါးပါးအလုပ်သွားမှာမို့ ဒယ်ဒီနဲ့နေခဲ့နော်"လို့
သူ့ကျောကိုပွတ်ပေးရင်း ငယ်က မှာတဲ့အခါလည်း မမှိတ်မသုန်စိုက်ကြည့်ရင်း ကျနော်နဲ့နေခဲ့တာပဲ။
ကျနော်က အလုပ်သွားခါနီး၊"လီယိုရေ ဒယ်ဒီကတော့ အလုပ်သွားရတော့မယ်၊မင်းပါးပါး ပြန်လာတဲ့ထိ စောင့်နေနော်၊သူ ပြန်လာတော့မှာ"လို့ ခေါင်းကိုပုတ်ရင်း ပြောတော့လည်း စိုက်ကြည့်ပြီး တညှောင်ညှောင်အော်ရင်း နေခဲ့တာကို အံ့အားသင့်ဖွယ်တွေ့ရတယ်။
ငယ်ဆို သူ့ကိုထားပြီးထွက်မသွားတဲ့ လီယို့ကိုကြည့်ပြီး ပျော်နေရှာတာလေ သားလေး၊သားလေးနဲ့
ဒီလိုနဲ့ပဲ ကျနော်တို့နှစ်ယောက် ကြောင်ပါးပါးနဲ့ ကြောင်ဒယ်ဒီဘဝကို ရောက်လာရတော့တာပဲ။
Tabby geneပါတဲ့ ဒီလို ရွှေလိမ္မော်ရောင်အမွေးရှိတဲ့ ဂျင်ဂျာမျိုးတွေက ကံကောင်းရင် ၁၅နှစ်ကနေ နှစ်၂၀ထိ ရှင်သန်နိုင်တယ်။ဒီကောင်လေးကိုလည်း ကျနော်တို့နဲ့အတူ နှစ်တွေအများကြီး အတူဖြတ်သန်းနိုင်စေဖို့ သေချာပြုစုဖို့ ကျနော်တို့နှစ်ယောက်လုံး ဆန္ဒရှိပါတယ်။ကျနော့်စိတ်ကိုက ငယ်လုပ်ချင်တာမှန်သမျှကို ပါရမီဖြည့်ဖို့ အဆင်သင့်ဖြစ်နေတာမျိုးဗျ။
ငယ်က ကြောင်ပါးပါးဖြစ်ဖို့ဆန္ဒရှိတဲ့အခါ ကျနော်က ကြောင်ဒယ်ဒီဖြစ်ဖို့ ဝန်မလေးတာမျိုးပေါ့။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။