တစ်ရက်အနားယူပြီးတော့ နောက်တစ်ရက်ရဲ့မွန်းလွဲချိန်မှာ white land နယ်စပ်အစမှာရှိတဲ့ တည်းခိုဆောင်ကို သူတို့ရောက်လာကြတယ်။ အစကတော့ Jimin နေကောင်းမှ ခရီးဆက်မယ်လို့တွေးထားပေမယ့်လည်း သူတို့ညအိပ်အနားယူခဲ့တဲ့ အအေးဒါဏ်မလုံခြုံတဲ့နေရာထက် အစစ အရာရာ သာတဲ့ဧည့်ဆောင်မှာဆိုရင် Jimin နားရတာ ပိုသက်တောင့်သက်သာရှိမယ်လို့ ယူဆပြီးမြန်မြန်ဆန်ဆန်ခရီးနှင်လာခဲ့တယ်။ ရာသီဥတုကအေးသလို အရင်ရက်ကဖျားထားတဲ့အရှိန်ကြောင့် သူတို့တည်းခိုရမယ့် ဧည့်ဆောင်ကို ရောက်တဲ့အချိန်မှာ Jimin ကိုယ်အပူချိန်ကတငွေ့ငွေ့ ပြန်တက်လာခဲ့တယ်။ ကံကောင်းတယ်လို့ဆိုရမှာက Jungkook မျှော်လင့်ထားသလို ဧည့်ဆောင်ဟာ အုတ်နဲ့တည်ဆောက်ထားတဲ့ နှစ်ထပ်တည်းခိုခန်းဖြစ်ပြီး အပြင်ဘက်အပြင်အဆင်ကိုကြည့်တာနဲ့ လူနေဖို့အဆင်ပြေတဲ့ပုံစံရှိတာကြောင့် နေမကောင်းဖြစ်တာချင်း တူမယ်ဆိုရင်တောင် ဒီမှာနားရတာက Jiminအတွက် ပိုအဆင်ပြေပါလိမ့်မယ်။
"လာ..... Jungkook.....အထဲကို ဝင်ကြမယ်..."
နှာတရှုံ့ရှုံ့ ဖြစ်နေတဲ့ Jiminက သူ့ကိုပြုံးပြရင်း ဧည့်ဆောင်တည်ရှိရာ ခြံဝင်းထဲကိုဝင်ဖို့ ခေါ်တယ်။ ချိတ်ကွင်းလေးနဲ့ချိတ်ထားတဲ့ ခြံတံခါး နှစ်ရွက်ကို တွန်းဖွင့်ကာဝင်လာခဲ့ပြီး အဆောင်တံခါးဘေးမှာရှိတဲ့ လူခေါ်ခေါင်းလောင်းကို
နှိပ်လိုက်တော့ အသက်ငယ်ငယ် ကောင်လေးတစ်ယောက်က တံခါးလာဖွင့်ပေးတယ်။"အစ်ကို Jimin ရောက်လာပြီ.....အဖေရေ အစ်ကို Jimin ရောက်လာပြီဗျ......"
Jimin လက်ကိုဆွဲထားပြီး ကောင်လေးက အဆောင်ထဲကိုလှမ်းအော်တယ်။
"အစ်ကို ကျွန်တော့်ကိုမှတ်မိတယ်မဟုတ်လား......."
ပါလာတဲ့အထုပ်အပိုးတွေကို ကူသယ်ပေးရင်း အနှီကောင်လေးက Jiminကိုမေးတယ်။
"မှတ်မိပါတယ် ဂျီဝူးရာ.....ငါတို့မတွေ့တဲ့
လပိုင်းအတွင်း မင်းကအတော်ထွားလာတာပဲ..."Jimin က ခေါင်းကိုပုတ်ပေးပြီး ပြောတော့
ဂျီဝူးက သွားစွယ်လေးတွေပေါ်အောင်ပြုံးတယ်။ ပြီးခဲ့တဲ့ ခြောက်လလောက်က သူနဲ့ Taehyung white Landကို ခရီးသည်လိုက်ပို့တုန်းက နောက်ဆုံးတွေ့ခဲ့ရတာထက် ဂျီဝူးကလူကောင်ပိုထွားလာခဲ့ပြီပဲ။