နေ့လယ်စာသွားပို့တုန်းကတောင် အစ်ကိုအလုပ်လက်စသတ်နေတာကိုတွေ့ခဲ့ပေမယ့် အခုညနေတော့ အလုပ်များနေလို့ ညစာအိမ်ပြန်မစားဖြစ်တော့တဲ့အကြောင်း လူလွှတ်ပြီးပြောခိုင်းလာတယ်။ ဖုန်းဆက်လည်းရပေမယ့် လူလွှတ်ပြောခိုင်းတယ်ဆိုတာ ဒီညအိမ်ပြန်မအိပ်ဖြစ်လောက်ဘူးဆိုတဲ့သဘောပါသက်ရောက်တာကြောင့် Taehyung လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
မြို့ရဲ့အကြီးအကဲဆိုပေမယ့် အစ်ကိုက ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့တော့ပျက်ကွက်လေ့ရှိတယ်လေ။အစ်ကိုလိုအပ်မယ့်ပစ္စည်းတွေရယ်၊ သူနဲ့အစ်ကိုလဲဝတ်ဖို့အဝတ်အစားတွေရယ်၊ ပြင်ဆင်ထားတဲ့ညစာရယ်ကိုယူကာ Taehyung အိမ်ကထွက်လာခဲ့လိုက်တယ်။ မြို့ရဲ့လမ်းသွယ်တွေဟာ မှောင်စမပျိုးသေးတာကြောင့် မီးတိုင်တွေနဲ့မဟုတ်ဘဲ
သဘာဝအလင်းရောင်နဲ့လင်းနေပါသေးတယ်။
ဘောလုံးကန်တဲ့ကလေးတွေ၊ ကြိုးခုန်နေကြတဲ့ကလေးတွေရဲ့ ရယ်မောသံတွေက လမ်းတွေပေါ်ထိကြားရအောင် ဆူဆူညံညံရယ်။မြို့လမ်းတွေကိုဖြတ်ကျော်လာခဲ့ပြီးလို့ အစ်ကို စစ်ဆေးနေတယ်ဆိုတဲ့စက်ရုံတွေဘက်ကိုထွက်လာခဲ့လိုက်တယ်။
"အကြီးအကဲက Tolafia တောင်ပေါ်သွားပါတယ်
သခင်လေး......"စက်ရုံဘက်ရောက်ခါနီးတော့ စက်ရုံနားကအဆောင်မှာနေတဲ့တာဝန်ခံဖြစ်သူက အဆောင်ထဲကထွက်လာပြီး Taehyung ကိုရိုအသေပေးရင်းပြောတယ်။ ကြည့်ရတာ အစ်ကိုမှာထားတာကိုပြောဖို့ သူလာမှာကိုစောင့်နေဟန်တူပါတယ်။
"သခင်လေးရောက်လာရင် တောင်ပေါ်ကိုပို့ဆောင်ပေးဖို့အကြီးအကဲကမှာထားပါတယ်...."
"အစ်ကို အလုပ်များနေတာလား......"
"ဟုတ်ပါတယ်...အကြီးအကဲ အလုပ်များနေပါတယ် သခင်လေး......"
Tolafia တောင်ပေါ်ကိုတက်တဲ့ cableနားရောက်တော့ တာဝန်ခံကသူ့ကို cable ကားတစ်စီးပေါ်တက်စေပါတယ်။ ဖြည်းဖြည်းလေးရွေ့နေတယ်လို့ခံစားရလောက်အောင် ငြိမ်တဲ့cableကားရဲ့ရွေံနှုန်းဟာ မထင်ထားနိုင်လောက်အောင်မြန်တာကြောင့် ဆယ့်ငါးမိနစ်လောက်အတွင်း Tolafia တောင်ထိပ်ကိုသူရောက်သွားခဲ့တယ်။ တောင်အောက်ထက် အနည်းငယ်အေးစိမ့်နေတဲ့ပတ်ဝန်းကျင်ကြောင့် မနက်ကအဝတ်ပါးလေးတစ်ထည်ပဲဝတ်ကာအိမ်ကထွက်သွားတဲ့အစ်ကို့ကိုသူစိတ်ပူမိပါတယ်။ Rose Land မှာနေထိုင်သူတိုင်းဟာ အအေးဒါဏ်ကို သူများထက်ခံနိုင်ရည်ရှိကြပေမယ့် သူကတော့အစ်ကိုအအေးမိမှာစိုးရိမ်ပါတယ်။