ရင်ခွင်ထဲမှာ ကြောင်ပေါက်လေးလိုကွေးနေတဲ့ အစ်ကို Yoongi ဆံပင်တွေကိုသပ်တင်ပေးရင်း
Radio ကလာနေတဲ့ သီချင်းကို Namjoon ကတိုးတိုးလေးလိုက်ညည်းနေတယ်။ ဩစတေးလျ ဆောင်းရာသီရဲ့ပိတ်ရက်တစ်ခုဟာ အတော်လေးငြိမ်းချမ်းနေခဲ့တာပင်။ အလုပ်ပိတ်တာမို့လို့ မနက်စောစောအလုပ်သွားစရာမလိုပဲ အိပ်ရာပေါ်မှာစောင်ခြုံရင်းကွေးနေရတာက သက်တောင့်သက်သာရှိစရာ။ ရင်ခွင်ထဲမှာ အစ်ကိုရှိနေတာကတော့ သူ့ဘဝရဲ့ ဆုတောင်းကောင်းမှုထဲကတစ်ခုပါပဲ။"ဆက်ဆိုလေ......."
သူအတွေးများပြီး သီချင်းညည်းတာရပ်သွားတော့ အစ်ကိုက ရင်ဘတ်ကိုလက်ညှိုးနဲ့ကုတ်ခြစ်ရင်းသတိပေးတယ်။
"အင်း......အင်း.......ဆက်ဆိုမယ်......"
သူ့အတွက်တော့ Take me to your heart သီချင်းဟာ Michael Landဆိုတာထက် Namjoon ဆိုတာ ပိုနားထောင်လို့ကောင်းပါတယ်။ ပီပီသသမဟုတ်ဘဲ သီချင်းကိုလိုက်ညည်းနေတဲ့ Namjoon အသံက သူ့အတွက် သိပ်ကိုငြိမ်းချမ်းလွန်းနေတာကြောင့် မျက်လုံးပိတ်ထားရာကမဖွင့်ဘဲ လိုက်ပါစီးမျောနေမိတယ်။
"Joon မင်းသီချင်းဆိုတာပိုကောင်းလာတယ်....."
ခပ်တိုတိုချီးကျူးစကားကြောင့် Namjoon ကျေနပ်စွာပြုံးမိတယ်။ အစ်ကိုဟာ ပိုပြီးချစ်စရာကောင်းလာခဲ့တယ်မဟုတ်လား။
"မနက်စာဘာစားမှာလဲ......."
"အစ်ကို စားချင်တာကိုမှာမယ်လေ....."
ဟင်းချက်လက်ရာမကောင်းတဲ့ ကောင်လေးက ဟန်ဆောင်မှုကင်းတဲ့အလိုလိုက်စကားကိုဆိုပါတယ်။ သူတို့လက်ထပ်ပြီးတဲ့နောက်မှာ အရင်လို
ပိုပိုသာသာအချွဲစကားတွေထက် Namjoon ရဲ့ဖြစ်နိုင်တာကိုသာ အလိုလိုက်မှုတွေနဲ့ သူအသားကျလာခဲ့တယ်။ အခုနေ *ငါကမင်းချက်ကျွေးတာစားချင်တာ*လို့သာပြောရင် သူဟင်းချက်သင်တော့မှာဖြစ်ကြောင်းနဲ့ အခုလိုမသင်ရသေးတဲ့အချိန်မှာတော့ နားလည်ပေးကာ စားချင်တာကိုမှာစားလိုက်ဖို့ Namjoon ကနားချပါလိမ့်မယ်။"မင်းအဆင်ပြေတာမှာပါ......နေ့လည်စာအတွက်ပါထည့်မှာလိုက်.....ခဏခဏတံခါးထဖွင့်ရမှာ ပျင်းစရာ......"