"ကယ် ... ကျောင်းသားတို့။ ဒီဆရာလေး နာမည်က ဆရာမင်းထက်အိမ် ... မင်းတို့ကို Bio အဓိက သင်မယ့် ဆရာပေါ့ ။ Chemistry, Physics လည်း ဂိုက်လုပ်ပေးနိုင်တယ်။.... နှုတ်ဆတ်လိုက်ကြအုန်းကွယ်် ..."
"မင်္ဂလာပါ ဆရာ ..."
"မင်္ဂလာပါ ..."
မင်းထက်လည်း ခေါင်းတချက်ငြိမ့်လိုက်ပြီး တစ်တန်းလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ပြောရရင် ဒါနောက်ဆုံးနှုတ်ဆတ်ရတဲ့အတန်းပေါ့။ မနက်ကတည်းက နှုတ်ဆတ်လာတာ စာသင်ခန်း လေးခန်းရှိပြီ။ ကိုးတန်း နှစ်ခန်း၊ ဆယ်တန်း နှစ်ခန်း။ ဘော်ဒါမှာက ရှစ်တန်းကစပြီး ကိုးတန်း၊ ဆယ်တန်း သုံးတန်း သင်ပေမယ့် မင်းထက်သင်ရတဲ့ ဘာသာရပ်တွေက ကိုးတန်း ဆယ်တန်းမှာပဲ ရှိတာလေ။ အဲ့တော့ ရှစ်တန်း တစ်တန်းစာတော့ ဝန်ပေါ့သည်။ ကျောင်းသားတွေက သိပ်မများလှ။ အခုအချိန် နွေဦးစ မိဘရပ်ထံပြန်တုန်းမို့ ကျောင်းသား ပါးနေတာလို့တော့ ဆရာမကြီးက တောက်လျှောက်ပြောနေပါသည်။
မင်းထက်လည်း နှုတ်ဆတ်ပြီးရော ကျောင်းသားတွေက ပြန်ထိုင်ကြသည်။ အခုနောက်ဆုံးနှုတ်ဆတ်ရတဲ့ အခန်းက ဆယ်တန်း ဘီခန်းဆိုတော့ အညံ့ခန်းလို့ ဆိုရမှာပေါ့။ ဒီဘော်ဒါမှာက ကျောင်းသားတွေ အပြိုင်အဆိုင်နဲ့ ကြိုးစားချင်အောင်ဆိုပြီး အတန်းတိုင်းမှာ အေခန်းရယ် ဘီခန်းရယ် နှစ်ခန်းခွဲသည်။ တစ်တန်းကို နှစ်ခန်းဆီပေါ့။
အေခန်းက အတော်ခန်း၊ ဘီခန်းက အညံ့ခန်း။ လတိုင်းစာမေးပွဲတွေစစ်ပြီး သုံးလတစ်ခါ အခန်းခွဲနေကျ။ အခုနွေဦး အတန်းသစ်ဖွင့်စမှာတော့ အရင်နှစ်က ကြိုးစားမှုတွေပေါ်မူတည်ပြီး ခွဲထားခြင်းဖြစ်သည်ဆို၏။ အခန်းခွဲပြီး ဘာထူးခြားသလဲဆိုရင်တော့ ဘီခန်းသမားတွေက ဘော်ဒါဝင်းသန့်ရှင်းရေးတွေ ဘာတွေလုပ်ရသည်။ အေခန်းသမားတွေကျတော့ ပိတ်ရက်တွေမှာ တောင်ကြီးစျေး တက်လယ်ခွင့်တွေဘာတွေရသည်။ စာကြိုးစားသလောက် ဆုပေး ဒဏ်ပေးသဘောမျိုးနဲ့ ဆရာမကြီးက အုပ်ချုပ်တာပေါ့။ သူ့အရပ် သူ့စည်းကမ်းနဲ့။ ဒါပေမယ့် ကိုယ်ကတော့ အဲ့ဒါမျိုး သိပ်သဘောမကျ။ ထားပါတော့လေ။
အခန်းတွေတော့ စုံပြီ။ သတိထားမိရသလောက်တော့ အခုအချိန်ထိ ကိုယ်နဲ့တစ်ဆောင်ထဲနေတဲ့ ဟိုကိုယ်တော်လေး ရှန်တစ်ကို မတွေ့ရသေးခြင်းပင်။ ညတုန်းက ဖယောင်းတိုင်မီးညွှန့်ရောင်နဲ့ ဒင်းမျက်နှာ နုနုကို သေချာတွေ့ခဲ့ရတာဆိုတော့ မြင်တာနဲ့မှတ်မိမှာ။ အခုတော့ အခန်းတွေလည်း ကုန်ပြီ။ ကိုယ်တော်က ပျောက်လို့။

ESTÁS LEYENDO
မေတ္တာ သစ္စာ စိန်ပန်းပြာ
Ficción Generalမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...