"အပေါ် လိုက်ခဲ့အုန်း အကိုဆရာ ..."
"ဟ ... ဘာလုပ်ဖို့တုန်း။ ခဏနေ စာသွားသင်ရတော့မှာ။ ခု နေပွင့်တုန်းလေး လှန်းထားတဲ့ အဝတ်တွေ ဟိုလှန်ဒီလှန် လုပ်အုန်းမလို့ ..."
မနက်စာစားပြီး ပြန်လာတော့ ရှန်တစ်က သူ့အပေါ်ထပ်လိုက်တက်ဖို့ ကျွန်တော့်ကို ခေါ်တယ်လေ။ ကျွန်တော်လည်း ဒီကိုရောက်ပြီးကတည်းက အပေါ်ထပ်တစ်ခါပဲရောက်ဖူးသေးသည်။ သူတစ်ယောက်တည်းနေတာကို ကိုယ်လည်း သွားလည်စရာ အကြောင်း မရှိဘူးလေ။ ဒါကြောင့်မရောက်ဖြစ်တာ။ အခုတော့ ဘာအကြောင်းကြောင့်နဲ့များ ပင့်ဖိတ်တော်မူလည်း မသိ ...
"ဟားးး ... လိုက်ခဲ့ဆို လိုက်ခဲ့ပေါ့။ အပေါ်ရောက်ရင် သိရမယ် ... အဲ့လှန်းထားတဲ့ အကိုဆရာ့အဝတ်တွေပါ ယူခဲ့ ..."
ရှန်တစ်ရဲ့ အပေါ်စီးဆန်ဆန် စကားတွေက ရိုးသွားပြီ ဖြစ်လည်း ကျွန်တော့်မှာ မျက်လုံးအကြောင်သားလေးနဲ့ သူ့ကိုကြည့်နေမိတယ်။ ရှန်တစ်ဆိုတဲ့ ကောင်လေးအကြောင်း ကျွန်တော် ကောင်းကောင်းသိနေပါပြီ။ ပေါင်းလာတာလည်း လနဲ့ ချီနေပြီလေ။ စိုင်းရှန်တစ်ဆိုတဲ့ ဇိုးကလေးက ခင်ပြီဆို ရှယ်ခင်တာ၊ အထက်စည်း အောက်စည်း မခွဲခြား။ နစ်နာတာ၊ ပေးဆပ်လိုက်ရတာမျိုးတွေ အစွဲမထား။ သူငယ်ချင်းတွေ အပေါ်လည်း အော်အော်ငေါက်ငေါက်နဲ့ပေမယ့် စေတနာနဲ့၊ မေတ္တာနဲ့ ခင်တာမျိုး။ အဲ့ဒါကြောင့်လည်း ဘရစ်နီတို့က သိလို့ အနွံတာခံပြီး ပေါင်းလာတာပေါ့။
ဒါနဲ့ ကျွန်တော်လည်း လိုက်ခဲ့ပါမယ်လို့ ခေါင်းငြှိမ့်ပြလိုက်ပြီး ကိုယ့်အခန်းထဲက ခြောက်ခါနီး အဝတ်တွေ အမြန်ရုတ်လိုက်တယ်။ အခန်းထဲကလည်း ထွက်လိုက်ရော ကိုယ့်အခန်းရှေ့မှာ အဝတ်တစ်ပုံနဲ့ ထွေးပိုက်ပြီး စောင့်နေတဲ့ရှန်တစ် ...
ကျွန်တော် သူ့ကိုရော သူ့လက်ပွေ့ထဲ ပိုက်ထားတဲ့ အဝတ်တစ်ပုံကိုရော ကြည့်ပြီး အံ့သြသွားတယ်။ သူ့လက်ထဲ မနိုင်မနင်းပိုက်ထားတဲ့ အဝတ်တွေအားလုံးက ကျွန်တော့်အဝတ်တွေလေ။ ဧည့်ခန်းထဲ ဟိုကောင်လေးတွေနဲ့ လုပြီး လှန်းထားခဲ့တဲ့ အဝတ်တွေ ...
"ဒါတွေ အကုန်လုံး အကိုဆရာ့ဟာတွေ မလား ..."
"အင်း ... ဟုတ် ... ဟုတ်တယ် ..."
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...